iPhone 11 Pro နဲ့ 11 Pro Max တွေရဲ့ Display တွေကို Samsung က ထုတ်လုပ်ပေးခဲ့တာပါ။ အခုထွက်လာတဲ့သတင်းအရ BOE ဟာ iPhone တွေအတွက် Display တွေထောက်ပံ့ပေးဖို့ ကြိုးစားနေတယ်ဆိုတာပါပဲ။ ဒါတင်မကသေးပါဘူး၊ BOE အနေနဲ့ Samsung ရဲ့ Flagship တွေအတွက်လည်း Display တွေ ထောက်ပံ့ပေးချင်နေတယ်လို့ သိရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သတင်းက Samsung ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင်ထုတ်တာထက် ကုန်ကျစရိတ်သက်သာတဲ့ Display ကို ထောက်ပံ့ပေးနိုင်မယ့် တရုတ်ကုမ္ပဏီတစ်ခုကို ရှာဖွေနေတယ်ဆိုတဲ့သတင်းပါ။ ဒါဆိုရင် BOE အနေနဲ့ Samsung နဲ့ Apple တို့အတွက် Display တွေကို ထောက်ပံ့ပေးနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေပြီလို့ တွေးထင်နိုင်စရာရှိပါတယ်။

AppleInsider နဲ့ ကိုရီးယားရဲ့ Double D ကဖော်ပြတဲ့သတင်းတွေအရ BOE ရဲ့ Display တွေဟာ Apple နဲ့ Samsung တို့ရဲ့ အရည်အသွေးစစ်ဆေးမှုကို မကျော်ဖြတ်နိုင်ဘဲ ကျရှုံးခဲ့တယ်လို့ သိရပါတယ်။ Samsung ဟာ ၂၀၂၁ Galaxy S မော်ဒယ်တွေအတွက် BOE ဆီကနေ OLED panel တွေ တောင်းခံခဲ့တာပါ။ ဒါပေမယ့် အရည်အသွေးစစ်ဆေးမှုကိုတော့ မအောင်မြင်ခဲ့ပါဘူး။

အရည်အသွေးနဲ့ အလုံးအရင်းလိုက်ထုတ်လုပ်မှု စမ်းသပ်ချက်ကို အောင်မြင်မှပဲ Panel တွေဟာ ဈေးကွက်ထဲပို့မယ့် ထုတ်ကုန်တွေမှာ တပ်ဆင်ခွင့်ရမှာပါ။ ဒါပေမယ့် BOE ကတော့ ပထမအဆင့်ကိုပဲ မဖြတ်သန်းနိုင်ခဲ့တဲ့အတွက် Samsung ရဲ့ မှာယူကို လက်မလွှတ်ရဖို့ နောက်တစ်ကြိမ်ကြိုးစားရဖွယ်ရှိပါတယ်။

စက်မှုလုပ်ငန်းတွင်း ရင်းမြစ်တစ်ခုကနေထွက်လာတဲ့သတင်းအရ BOE ဟာ iPhone 12 တွေအတွက် ပထမအသုတ် ထုတ်ထားတဲ့ မျက်နှာပြင်တွေကိုလည်း တင်ပို့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ထွက်ထားတဲ့သတင်းအရဆိုရင်တော့ Apple ဟာ BOE ဆီကနေ iPhone 12 စီးရီအတွက် OLED panel ပေါင်း ၄၅ သန်း၊ LG Display ဆီကနေ ၂၆ သန်းနဲ့ Samsung Display ဆီကနေ သန်း ၁၅၀ မှာယူမယ်လို့ သိရတာပါ။

ပြီးခဲ့တဲ့နှစ်ကတော့ Samsung ဟာ Apple ဆီကို Panel ပေါင်း သန်း ၂၃၀ အထိ ရောင်းချနိုင်ခဲ့ပါတယ်။ အခုအချိန်ဟာ ၂၀၂၀ ရဲ့ပထမနှစ်ဝက်ထဲမှာပဲ ရှိနေသေးတာကြောင့် BOE အနေနဲ့ Samsung နဲ့အတူတူ Panel တွေထောက်ပံ့ဖို့ သိပ်နောက်မကျသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် iPhone 12 စီးရီးမှာ BOE ရဲ့ OLED panel ၄၅ သန်းကို တွေ့မြင်ရမလားဆိုတာ ဆက်ပြီးစောင့်ကြည့်ဖို့ လိုပါသေးတယ်။

Ref: Phone Arena