OmniVision ဟာအခုနောက်ပိုင်းမှာ Sony IMX Camera Sensor တွေနဲ့ယှဥ်ပြိုင်နိုင်တဲ့ အရည်အသွေးကောင်းမွန်တဲ့ Camera Sensor တွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း 0.8 µm Pixel Size ရှိတဲ့ 64MP 1/1.7″ Sensor ကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း OmniVision ကနေ အရွယ်အစားပိုကြီးတဲ့ 64MP OV64A Sensor အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Camera Sensor အသစ်ဟာ 1 µm Pixel Size ရှိတဲ့ 1/1.34″ Sensor အမျိုးစားဖြစ်တယ်လို့ သိရပါတယ်။ OmniVision ရဲ့ ပြောကြားချက်အရတော့ ယခု Sensor ကို Wide နဲ့ Ultrawide Camera Sensor တွေနေရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အစောပိုင်းကမိတ်ဆက်ထားခဲ့တဲ့ 0.8 µm Pixel Size Sensor ထက် အလင်းဝင်နှုန်း ၆၀ ရာခိုင်နှုန်းပိုကောင်းမှာဖြစ်ပြီး Low Light ဓါတ်ပုံတွေမှာ သိသိသာသာကို အရည်အသွေးပိုကောင်းလာမှာဖြစ်ပါတယ်။ Pixel-binning အတွက်လည်း 4-cell Color Filter Quad Bayer နည်းပညာကို အသုံးပြုထားပါတယ်။

Video ပိုင်းမှာတော့ 8K 30fps Video တွေကို ရိုက်ကူးနိုင်ပြီဖြစ်တဲ့အပြင် 2.0 µm Effective Pixel Size ရှိတဲ့ 4-in-1 Pixel-binning နည်းပညာနဲ့ ပိုကောင်းတဲ့ 4K Video တွေကိုလည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာတော့ Default အနေနဲ့ 16MP ဓါတ်ပုံတွေကို ထုတ်ပေးနိုင်မှာပါ။

ဒါတင်မဟုတ်သေးဘဲ 2- ၊ 3- Exposure Staggered HDR ၊ 4-cell HDR & Tone Mapping လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Video Mode တွေဖြစ်တဲ့ 4K 120fps with EIS ၊ 1080p 240fps ၊ 720p 480fps Mode တွေလည်း ရိုက်ကူးနိုင်ဦးမှာပါ။

OmniVision ကတော့ ယခု OV64A Camera Sensor တွေကို နှစ်ကုန်ပိုင်းမှာ အမြောက်အများထုတ်လုပ်သွားမှာဖြစ်ပြီး ဘယ်စမတ်ဖုန်းတွေက အစောဆုံးအသုံးပြုလာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena