အခုနှစ်ရဲ့ စိတ်ဝင်စားမှုအခံရဆုံး စမတ်ဖုန်းသစ်တစ်ခုဖြစ်တဲ့ OnePlus 8 စီးရီးကို မိတ်ဆက်ဖို့ နှစ်ပတ်တောင် မလိုတော့ပါဘူး။ OnePlus 8 နဲ့ 8 Pro အမည်ရ ဖုန်းနှစ်လုံးပါဝင်လာဖို့ မျှော်မှန်းထားပြီး Flagship ဟန်းဆက်သစ်နှစ်ခုနဲ့ ပတ်သက်တဲ့ သတင်းတွေလည်း ဆက်တိုက်ထွက်ထားခဲ့ပါတယ်။

ယနေ့မှာတော့ OnePlus 8 5G ဟာ မော်ဒယ်နံပါတ် IN2025 နဲ့ Geekbench 5 ပေါ်ကို ရောက်ရှိလာခဲ့ပြီး အချက်အလက်တွေကို ထပ်အတည်ပြုပေးခဲ့ပါတယ်။ ဒီဖုန်းဟာ အရင်ကလည်း GALILEI IN2025 ဆိုတဲ့ လျှို့ဝှက်အမည်နဲ့ Geekbench 4 ပေါ်သို့ လည်ပတ်လာခဲ့ပါသေးတယ်။ Pro ဗားရှင်းကတော့ မော်ဒယ်နံပါတ် IN2023 နဲ့ထွက်လာမယ်လို့ ဆိုပါတယ်။

Geekbench ဖော်ပြချက်အရတော့ OnePlus 8 5G ဟာ Single-core စစ်ဆေးမှုမှာ ရမှတ် 906 ရရှိခဲ့ပြီး Multi-core မှာတော့ 3,398 ထိရရှိခဲ့ပါတယ်။ OnePlus 8 5G မှာ နောက်ဆုံးပေါ် Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး 12GB RAM မန်မိုရီနဲ့ တွဲဖက်ထားတယ်လို့လည်း အတည်ပြုခဲ့ပါတယ်။

OnePlus 8 5G မှာ 6.55” လက်မအရွယ် AMOLED Display ပါဝင်လာမှာဖြစ်ပြီး 90Hz Refresh Rate နဲ့ FHD+ Resolution တို့ ပါဝင်မှာပါ။ နောက်ဘက်မှာ Triple-camera အတွဲကို ရိုးရိုးတန်းတန်းပဲ ဒေါင်လိုက်ထည့်သွင်းထားပြီး 48MP အဓိက Sensor ကို 16MP Ultra-wide Lens နဲ့ 2MP Depth Sensor တို့ဖြင့် တွဲဖက်ထားပါတယ်။ ရှေ့ဘက်က Punch-hole ထဲမှာတော့ 16MP ဆဲလ်ဖီကင်မရာတစ်ခု ပါဝင်ပါတယ်။

OnePlus 8 5G ဖုန်းရဲ့ မန်မိုရီစနစ်မှာ နောက်ဆုံးပေါ် LPDDR5 RAM နဲ့ UFS3.0 Storage နည်းပညာတို့ကို တွေ့မြင်ရမှာဖြစ်လို့ မျိုးဆက်ဟောင်းတွေထက် အများကြီးပိုသွက်လက်မယ်လို့ မျှော်လင့်ရပါတယ်။ ဘက္ထရီက 4,300 mAh ဖြစ်ပြီး 30W Warp Charge 30T အားအမြန်သွင်းစနစ်ပါဝင်ပါတယ်။ OnePlus 8 နဲ့ 8 Pro ဖုန်းနှစ်လုံးစလုံးရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၁၀၀၀ မကျော်စေရဘူးလို့တော့ ကုမ္ပဏီ CEO ဖြစ်သူ Pete Lau က အတည်ပြုထားပါတယ်။

Ref – Gizmo China