OnePlus 8 နဲ့ 8 Pro တို့ရဲ့ အချက်အလက်တွေဟာ ပြီးခဲ့တဲ့လကလည်း တစ်ခါထွက်ရှိခဲ့ပြီး စမတ်ဖုန်းသစ်နှစ်လုံးရဲ့ ကွာခြားမှုကို ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဆလိုဗက်ကီးယားအရောင်းဆိုင်တစ်ခုဆီကနေ သူတို့ရဲ့ Specs Sheet အပြည့်အစုံတစ်ခုလုံးထွက်ရှိလာခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့မှမိတ်ဆက်မယ့် ဖုန်းနှစ်လုံးအကြောင်းကို အကုန်အစင် သိရှိခွင့် ရလာခဲ့ပါတယ်။

OnePlus ကုမ္ပဏီက 8 နဲ့ 8 Pro တို့မှာ Snapdragon 865 ချစ်ပ်ဆက်ပါမယ်ဆိုတာ အတည်ပြုခဲ့ပြီးသားဖြစ်ကာ ယခင် Leak အရ စမတ်ဖုန်းနှစ်လုံးစလုံးရဲ့ မန်မိုရီဗားရှင်းတွေက 8/128GB နဲ့ 12/256GB တို့ဖြစ်တယ်ဆိုတာလည်း သိထားခဲ့ပါပြီ။ ဒါပေမယ့် ယနေ့အချက်အလက်အရ 256GB မော်ဒယ်ဟာ ကာလာတိုင်းမှာ မရနိုင်ဘူးဆိုတာ ထွက်ပေါ်လာခဲ့ပါတယ်။

ဖုန်းနှစ်လုံးစလုံးက Android 10 OS နဲ့ တာထွက်လာမှာဖြစ်ပြီး OxygenOS အသစ်နဲ့အတူ Dark Mode 2.0 ကိုလည်း ပိုများတဲ့ App တွေမှာ မြင်လာရနိုင်ပါတယ်။

OnePlus 8 မှာ 6.55” လက်မ FullHD+ 90Hz Fluid AMOLED Display ပါဝင်လာပြီး မြင်ကွင်းအချိုး 20:9 နဲ့ 402ppi Pixel Density ရှိမှာပါ။ Pro မော်ဒယ်ကတော့ အနည်းငယ်ပိုကြီးတဲ့ 6.78” လက်မ QHD+ Fluid AMOLED Display ကိုမှ 120Hz Refresh Rate အကြမ်းစားနဲ့ထွက်လာမှာဖြစ်ပါတယ်။ သူကတော့ Aspect Ratio 19.8:9 နဲ့ Pixel Density 513ppi ပိုင်ဆိုင်ပါတယ်။

OnePlus 8 နောက်ကျောမှာ Triple-cam ပါဝင်ပြီး 48MP Sony IMX586 Sensor ကို 16MP Ultrawide နဲ့ 2MP Macro တို့ဖြင့် တွဲဖက်ထားတာဖြစ်ပါတယ်။ Pro ဗားရှင်းမှာတော့ 48MP Sensor နှစ်လုံးနဲ့ Quad-cam ကိုမြင်ရမှာဖြစ်ပြီး 48MP Sony IMX689 အဓိကကင်မရာနဲ့ ဒုတိယမြောက် 48MP IMX586 ကတော့ Ultrawide Lens အဖြစ် ထည့်သွင်းလာကာ Macro အနေနဲ့ပါအသုံးပြုနိုင်မှာဖြစ်လို့ သုံးစင်တီမီတာလောက်ထိ အနီးကပ်ပြီးတောင် ရိုက်ကူးနိုင်မယ်လို့ ဆိုထားပါတယ်။ နောက်ထပ် 8MP ကင်မရာတစ်ခုက Telephoto ဖြစ်ပြီး 5MP Sensor ကိုတော့ Color Filter လို့အမည်တပ်ထားပါတယ်။

OnePlus 8 အတွက် ဈေးနှုန်းက 8/128GB မော်ဒယ်အတွက် ယူရို ၇၂၉ (မြန်မာငွေ ၁၁ သိန်း ၄ သောင်းခန့်) ကျသင့်မှာဖြစ်ပြီး 12/256GB ကတော့ ယူရို ၈၃၅ (မြန်မာငွေ ၁၃ သိန်း) ဖြစ်ပါတယ်။ Pro ဗားရှင်းကတော့ ယူရို ၉၃၀ နဲ့ ၁၀၂၀ (မြန်မာငွေ ၁၄ သိန်းခွဲနဲ့ ၁၆ သိန်းနီးပါး) သတ်မှတ်လာမယ်လို့ ဖော်ပြထားပါတယ်။

Ref – GSM Arena