OnePlus ကနေ လာမယ့် ဧပြီလအတွင်းမှာ OnePlus 8 Series ဖုန်းသစ်တွေကို မိတ်ဆက်သွားဖို့က သေချာသလောက်ကို ဖြစ်နေပါပြီ။ ဒီနှစ်မှာတော့ ပုံမှန် OnePlus 8 နဲ့ OnePlus 8 Pro ဖုန်းတွေအပြင် စျေးပိုသက်သာတဲ့ OnePlus 8 Lite ဖုန်းကိုပါ မိတ်ဆက်လာမယ်ဆိုပြီး သတင်းတွေထွက်ရှိနေပါတယ်။

အဆိုပါ OnePlus 8 Lite ဖုန်းဟာ ယခင်တုန်းက OnePlus X ဆိုပြီး စျေးပိုသက်သာတဲ့ OnePlus ဖုန်းလိုမျိုးပဲ ထွက်ရှိလာမှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ နာမည်ကိုပါ OnePlus 8 Lite အစား OnePlus Z ဆိုပြီး ပြောင်းလဲခေါ်ဆိုသွားမယ်လို့ သိရပါတယ်။

ဘာကြောင့်လဲဆိုရင် OnePlus 8 Lite ဆိုပြီး နာမည်ပေးမယ့်အစား OnePlus Z ဆိုပြီး နာမည်ပေးလိုက်တာက OnePlus X ရဲ့ နောက်ထပ် Generation တစ်ခုအနေနဲ့ဖြစ်သွားသလို သီးသန့်ခွဲထုတ်လိုက်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် Processor ပိုင်းမှာ OnePlus 8 Lite သို့မဟုတ် OnePlus Z ဖုန်းဟာ Mid Range Processor အသစ်တွေဖြစ်တဲ့ Snapdragon 765G လိုမျိုးကိုပဲ အသုံးပြုလာမလား၊ မနှစ်တုန်းက Flagship Processor တွေကိုပဲ ပြန်ပြီး အသုံးပြုလာမလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။

လောလောဆယ်မှာ သိထားရသလောက်ကတော့ 6.4″ Full HD+ 90Hz Refresh Rate Display အပြင် 4000mAh Battery ၊ Triple Camera Setup တွေပါဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Z စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ ဒေါ်လာ ၄၀၀ ဝန်းကျင်ကနေ စတင်နိုင်ပြီး မကြာသေးခင်ကမှ မိတ်ဆက်သွားတဲ့ Xiaomi Mi 10 Lite အပြင် Google Pixel 4a ၊ Apple iPhone 9 လိုမျိုး ဖုန်းတွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – Phone Arena