OnePlus က 8T ကို အောက်တိုဘာလ ၁၄ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး ၆.၅၅ လက်မ 120Hz FullHD+ မျက်နှာပြင်ပြား ထည့်သွင်းထားမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ အခုတော့ ကုမ္ပဏီက နောက်ထပ် သတင်းအချက်အလက်တွေကို ထပ်မံ အသိပေးလိုက်ပါတယ်။ အဲဒါကတော့ OnePlus 8T မှာ 65W Fast Charging နဲ့ 4,500mAh ဘက်ထရီ ပါမယ်ဆိုတာပါပဲ။

OnePlus က “Warp Charge 65, in 15 minutes” လို့ ရေးသားထားပြီး OnePlus 8T ကို ၁၅ မိနစ်အားသွင်းရင် ဘက်ထရီအား ၆၅% အထိရရှိတာကို ဆိုလိုချင်တာ ဖြစ်နိုင်ပါတယ်။ ဖုန်း ခဏခဏ အားသွင်းရတဲ့ ဒုက္ခတွေ ကင်းဝေးသွားမှာပါ။

ဒီလို အားမြန်မြန်သွင်းနိုင်ဖို့ 2,250mAh ဘက်ထရီ ၂ လုံးကို တွဲစပ်ထားပါတယ်။ 65W Charging ပါတဲ့ OPPO Find X2 Pro , realme 7 Pro နဲ့ realme Narzo 20 Pro တို့မှာလည်း ဒီလို ဘက်ထရီ ၂ ခု တွဲစပ်ထားတဲ့ ဒီဇိုင်းကို သုံးထားတာပါ။ 8T မှာ USB-C Port ပါလာမှာ ဖြစ်ပြီး USB PD နဲ့ 45W Charging ကို ထောက်ပံ့မယ့်အတွက် လက်ပ်တော့နဲ့ တခြား Device တွေကိုတောင် 8T ကနေ အားသွင်းပေးနိုင်မှာပါ။ ဒါဟာ တော်တော် မိုက်တဲ့ စွမ်းရည်လို့ ပြောရမှာပါ။  အားသွင်းနေချိန်မှာ အပူမလွန်ကဲအောင် ကာကွယ်ပေးမယ့် Heat Dissipation System ထည့်ထားပါတယ်။

8T ဟာ 8 Pro ထက်တောင် အားသွင်းနှုန်း ပိုမြန်မှာ ဖြစ်ပြီး OnePlus ရဲ့ အားသွင်း အမြန်ဆုံး ဖုန်း ဖြစ်လာမှာပါ။ စီအီးအို Pete Lau က 8T မှာ Wireless Charging တော့ မပါလာဘူးလို့ သတင်းပေးထားပါတယ်။ OnePlus 8T ကို တရားဝင် မြင်ရဖို့ ၂ ပတ်လောက်ပဲ လိုပါတော့တယ်။

Ref : gsmarena