OnePlus 9 နဲ့ OnePlus 9 Pro တို့ကို တရားဝင်မိတ်မဆက်ရသေးပေမယ့် ထုံးစံအတိုင်း အချက်အလက်ပေါက်ကြားမှုတွေကတော့ ဖြစ်ပေါ်နေခဲ့ပါပြီ။ OnePlus 9 ရဲ့ ပကတိဓါတ်ပုံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးပတ်ကတည်းက ပေါ်ထွက်ခဲ့ဖူးတာပါ။

မတ်လမှာမိတ်ဆက်မယ်လို့ သတင်းထွက်ထားတဲ့အတွက် ဒီဟန်းဆက်တွေနဲ့ပတ်သက်တဲ့ ပေါက်ကြားသတင်းတွေ၊ ကောလာဟလသတင်းတွေကိုတော့ ဆက်ပြီးကြားသိနေရဦးမှာပါ။ အခုလည်း ယုံကြည်စိတ်ချရတဲ့ Leaker ဖြစ်တဲ့ Digital Chat Station က OnePlus 9 နဲ့ OnePlus 9 Pro တို့ရဲ့ အဓိကအချက်အလက်အချို့ကို တရုတ်လူမှုကွန်ရက် Weibo မှာ လွှင့်တင်လိုက်ပြန်ပါပြီ။

နောက်ဆုံးသိလာရတဲ့အချက်က ဒီဟန်းဆက်နှစ်မျိုးစလုံးရဲ့ မျက်နှာပြင်ပေါ်က Punch-hole ရဲ့ အရွယ်အစားဟာ 3.8mm ရှိတယ်ဆိုတာပါ။ ဒါ့အပြင် OnePlus 9 Pro ဟာ 6.78-inch QHD+ 120Hz curved screen ဖြစ်မယ်လို့ ဆိုပါတယ်။ Vanilla OnePlus 9 ကတော့ 6.55-inch FullHD+ 120Hz flat display နဲ့ပဲ ဖြစ်မယ်လို့ Digital Chat station က ပြောထားပါတယ်။

ဒါ့အပြင် OnePlus 9 နဲ့ OnePlus 9 Pro တို့ဟာ 8mm နဲ့ 8.5mm အထူ အသီးသီးရှိကြပြီး အလေးချိန်ကလည်း 200g ကျော်မှာမဟုတ်ဘူးလို့ သိရပါတယ်။ စမတ်ဖုန်းနှစ်မျိုးစလုံးမှာ Snapdragon 888 SoC ကို အသုံးပြုထားကြမှာဖြစ်ပြီး၊ ဘက်ထရီကတော့ 4,500mAh ပမာဏတွေပဲ ဖြစ်ကြမယ်လို့ သိရပါတယ်။ အားသွင်းစနစ်ကတော့ 65W ကိုထောက်ပံ့ပေးထားမှာပါ။ Pro အမျိုးအစားမှာတော့ 45W ကြိုးမဲ့အားသွင်းစနစ် ပါဝင်မယ်လို့ သိရပါတယ်။

Ref: GSM Arena