OnePlus ကုမ္ပဏီဟာ McLaren အမှတ်တံဆိပ်ပါဝင်တဲ့ စမတ်ဖုန်းတွေကို ထပ်မံထုတ်လုပ်တော့မှာမဟုတ်ဘဲ ကုမ္ပဏီနှစ်ခုရဲ့ ပူးပေါင်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလာခဲ့ပါပြီ။ ၂၀၁၈ ခုနှစ်ထဲက စတင်လက်တွဲခဲ့တဲ့ ပူးပေါင်းမှုမှာ စိတ်ဝင်စားစရာထုတ်ကုန်အချို့ကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ဆုံးထုတ်ကုန်က McLaren အမှတ်တံဆိပ် Papaya Orange ကာလာနဲ့အတူ ရုတ်တရက်ကြည့်ရင် မမြင်ရတဲ့ နောက်ဘက်ကင်မရာတွေ ပါဝင်တဲ့ OnePlus Concept One ဟန်းဆက်ပါ။ ဒါပေမယ့် အစတည်းက Concept စမတ်ဖုန်း တစ်လုံးလည်းဖြစ်တာကြောင့် ဈေးကွက်ထဲမှာ မြင်တွေ့ရဖို့ အခွင့်အရေးနည်းပါးပါတယ်။

သူ့ရဲ့ရှေ့မှာတော့ အမေရိကန်မှာ T-Mobile Exclusive အနေနဲ့ထွက်ရှိခဲ့တဲ့ OnePlus 7T Pro McLaren Edition နဲ့ ကုမ္ပဏီရဲ့ Dash Charge စနစ်ကို Upgrade ပြုလုပ်လာတဲ့ Warp Charge 3.0 ပထမဆုံးပါဝင်လာတဲ့ OnePlus 6T McLaren ဖုန်းတွေကို မြင်ခဲ့ရပါတယ်။

McLaren ရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်က OnePlus နဲ့ပူးပေါင်းမှုဟာ ကြိုတင်စီစဉ်ထားတဲ့အတိုင်းပဲ အချိန်စေ့သွားပြီဖြစ်ကြောင်းနဲ့ ဆန်းသစ်တီထွင်မှုကို ဦးစားပေးတဲ့ အမှတ်တံဆိပ်ကြီးနှစ်ခုကြားမှာ အောင်မြင်မှုမြင်မားစွာ ရရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်မှာ စတင်လက်တွဲခဲ့တည်းကလည်း OnePlus ဟာ အားပေးကူညီမှုပြည့်ဝတဲ့ တန်ဖိုးထားရတဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ပြီး အနာဂါတ်မှာ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်ရင်း နှုတ်ဆက်ပါကြောင်း စသဖြင့် တရားဝင်ပြောကြားလာခဲ့တာပါ။

ဒါ့ကြောင့် OnePlus 8 စမတ်ဖုန်းနှစ်လုံးနဲ့ နောက်ထပ်မိတ်ဆက်လာမယ့် 8T တို့မှာတော့ အထူး McLaren Edition ကို တွေ့ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် Special Edition တွေကိုမှ ရင်ခုန်သူတွေအတွက် OnePlus x Andre Limited Edition Case တွေရှိသလို အရင်ကလုပ်ခဲ့သလိုမျိုး Star Wars သို့မဟုတ် Avengers Theme တွေနဲ့ Limited Edition တွေတော့ မျှော်လင့်နိုင်ပါသေးတယ်။

Ref – GSMArena