Xiaomi , OPPO နဲ့ Vivo တို့က Apple AirDrop လို Android အတွက် P2P  ဖိုင်မျှဝေတဲ့ စနစ် ၁ ခုကို အရင်နှစ် ဩဂုတ်လက ကြေညာခဲ့ပြီး အခုတော့ OnePlus, Black Shark, realme, နဲ့ Meizu တို့က အဲဒီ P2P ဖိုင်မျှဝေတဲ့ စနစ်မှာ ပူးပေါင်းလာပါတယ်။ စတင် ကြေညာချိန်မှာ Xiaomi က သူတို့ စနစ်မှာ ပါဝင်ဖို့ ဖုန်း ကုမ္ပဏီတွေကို ဖိတ်ခေါ်ခဲ့ပြီး အခုတော့ ကုမ္ပဏီတွေ တိုးများလာပါပြီ။

OnePlus, Black Shark, realme, နဲ့ Meizu တို့က P2P ဖိုင်မျှဝေတဲ့ စနစ်မှာ ပူးပေါင်းတဲ့ အကြောင်းကို တရုတ် လူမှုကွန်ရက် ဝီဘိုက သက်ဆိုင်ရာ တရားဝင် အကောင့်တွေကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စနစ်မှာ ဖိုင် ဖော်မက်များစွာကို ထောက်ပံ့ထားပြီး သုံးစွဲသူ သန်း ၄၀၀ ရှိပြီလို့ သိရပါတယ်။

XDA Developers က အဲဒီ ဖိုင်မျှဝေတဲ့ စနစ်မှာ 20MBps အထိ ထောက်ပံ့ထားတယ်လို့ ပြောတဲ့အတွက် ဖိုင်တွေ ပေးပို့တဲ့အခါ အရမ်းကို မြန်ဆန်မှာ ဖြစ်ပါတယ်။ Black Shark က  P2P ဖိုင်မျှဝေတဲ့ စနစ်မှာ ပူးပေါင်းတဲ့ အကြောင်း  မကြေညာရသေးချိန်မှာပဲ ကုမ္ပဏီရဲ့ စမတ်ဖုန်း တချို့မှာ အဲဒီ လုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိ  Android ဖုန်းတွေမှာ လွယ်ကူလျှင်မြန်ပြီး ၁ ခုထဲရှိတဲ့ ဖိုင်မျှဝေ စနစ် မရှိသေးပါဘူး။ Google က Android 10 မှာ Android Beam ကို ပြန်စမ်းသပ်ခဲ့ပြီး သူ့ရဲ့ မျိုးဆက်သစ် Nearby Sharing  မထွက်လာသေးပါဘူး။ ဒါပေမယ့် Nearby Sharing ဟာ Play Services ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် တရုတ်က ဖုန်းတော်တော်များများမှာ သုံးလို့ ရမှာ မဟုတ်ပါဘူး။ တရုတ် ဖုန်း ကုမ္ပဏီတွေ ပူးပေါင်းပြီး တစ်ကမ္ဘာလုံး သုံးလို့ရတဲ့ စံနှုန်းကို ဖန်တီးတာ ပိုကောင်းမှာပါ။

Ref : androidpolice