OnePlus ကနေ အခုအချိန်မှာ Android 11 Beta 3 Update နဲ့အတူ OxygenOS 11 ကိုပါ တချို့သော Device တွေအတွက် ထုတ်ပေးထားပြီးဖြစ်ပါတယ်။ အဆိုပါ OxygenOS 11 Update ဟာ ယခင် OnePlus ရဲ့ OxygenOS UI Design ကနေ လုံးဝကွဲထွက်နေတဲ့ Update တစ်ခုလို့တောင် ပြောလို့ရပါတယ်။

ဒီလိုမျိုး OxygenOS 11 Update နဲ့အတူ UI Design နဲ့ Feature အသစ်တွေပါဝင်လာမှာဖြစ်ပေမယ့် အစောပိုင်းက ထွက်ရှိထားခဲ့တဲ့ Flagship ဖုန်းတွေမှာတော့ တချို့သော Feature တွေရရှိလာမှာမဟုတ်ဘူးလို့ သိရပါတယ်။ ယခုသတင်းကိုတော့ XDA-Developers ရဲ့ Editor-in-Chief ဖြစ်တဲ့ Mishaal Rahman ကို OnePlus ကနေ တိုက်ရိုက်အတည်ပြုခဲ့တာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ကတော့ မနှစ်တုန်းက OnePlus 7 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တဲ့ RAM Boost Feature ပဲဖြစ်ပါတယ်။ အဆိုပါ Feature ဟာ အသုံးပြုနေတဲ့ Application ပေါ်မှုတည်ပြီး စွမ်းဆောင်ရည်ပိုကောင်းအောင် ဆောင်ရွက်ပေးတဲ့ Feature တစ်ခုဖြစ်ပါတယ်။ OnePlus ကနေ RAM Boost Feature ကို OnePlus 6T ၊ 6 နဲ့အတူ OnePlus 5T နဲ့ 5 ဖုန်းတွေအတွက်ပါ Update ပြုလုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ OnePlus 5 Series ဖုန်းတွေဟာ Hardware Compatibility Issue ကြောင့် အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

နောက်ထပ်အနေနဲ့လည်း Region အချို့မှာပဲ အသုံးပြုနိုင်တဲ့ Caller Identification Feature အနေနဲ့လည်း OnePlus 3 နဲ့ 3T ဖုန်းတွေအတွက် ရရှိမယ်လို့ ကတိပေးထားပေမယ့် အခုအချိန်မှာ ရရှိတော့မှာမဟုတ်တော့ပါဘူး။ အဲ့ဒီလိုမျိုးပဲ DC Dimming Feature ဟာလည်း OnePlus 6 နဲ့ 6T ဖုန်းတွေမှာ မရရှိနိုင်တော့ဘူးလို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ OnePlus 8 စမတ်ဖုန်းအတွက် 5G သို့မဟုတ် 4G Network အတွက် Dual SIM Support ရရှိမယ့် OTA Update ဟာလည်း လက်ရှိအချိန်အထိရရှိသေးခြင်းမရှိသေးပါဘူး။ OnePlus ကတော့ လာမယ့် ၂၀၂၀ ခုနှစ် စတုတ္ထ ၃ လပတ်မှာ ရရှိလာမယ်လို့ ပြောကြားထားပြီး တကယ် Update ရမရကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China