OnePlus ကုမ္ပဏီဟာ တရုတ်နိုင်ငံ BBK စမတ်ဖုန်းကုမ္ပဏီကြီးရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ OPPO ရဲ့ Sub-Brand အနေနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယခင်တုန်းကတော့ OnePlus ဟာ Hardware Design အချို့ကလွဲပြီး ကျန်တဲ့ Software ပိုင်းနဲ့ တခြားအပိုင်းတွေကို ကိုယ်ပိုင်ရပ်တည်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက OnePlus ဟာ OPPO ကုမ္ပဏီနဲ့ တရားဝင်ပူးပေါင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် OnePlus ဖုန်းတွေကို တရုတ်နိုင်ငံအတွင်းမှာ ဝယ်ယူမယ်ဆိုရင် OPPO ရဲ့ ColorOS နဲ့ပဲ ရောင်းချသွားမှာဖြစ်ပြီး နိုင်ငံတကာအတွက်ကိုပဲ OxygenOS ကို ဆက်လက်ထုတ်ပေးမယ်ဆိုပြီး CEO ဖြစ်တဲ့ Pete Lau က ပြောကြားခဲ့တာဖြစ်ပါတယ်။​

ဒါပေမယ့်လည်း အခုအချိန်မှာတော့ OnePlus ကနေ OxygenOS ကို OPPO ရဲ့ ColorOS နဲ့ အပြီးတိုင်ပူးပေါင်းတော့မယ်ဆိုပြီး ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါက International စျေးကွက်မှာ OxygenOS ၊ China Region မှာ ColorOS ဆိုပြီး နာမည်တော့ ခွဲခြားထားဦးမှာဖြစ်ပေမယ့် တကယ် UI နဲ့ Software Feature တွေအကုန်လုံးက အတူတူပဲဖြစ်လာတော့မှာပါ။

ဒီလိုမျိုး OnePlus ကနေ OxygenOS ကို ColorOS နဲ့ပူးပေါင်းလိုက်တာက OnePlus Fan တွေအတွက်တော့ စိတ်ပျက်စရာဖြစ်လာနိုင်ပေမယ့် တဖက်မှာလည်း Android Update ပိုင်းအတွက် နောက်ထပ် အာမခံချက်အသစ်တွေကို ပေးသွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။

ဒါကတော့ OnePlus က ထုတ်လုပ်တဲ့ Flagship ဖုန်းတွေနဲ့ T ၊ R Models တွေက ၃ နှစ် Android Update ရရှိမှာဖြစ်ပြီး Security Patch Update ကို ၄ နှစ်အထိ ရရှိမှာဖြစ်ပါတယ်။ Nord နဲ့ Nord CE ဖုန်းတွေကတော့ Android Update ကို ၂ နှစ်နဲ့ Security Patch Update ကို ၃ နှစ်အထိရရှိမှာဖြစ်ပါတယ်။ Nord N Series ဖုန်းတွေအနေနဲ့ကတော့ Android Update ၁ နှစ်နဲ့ Security Patch Update ကို ၃ နှစ်ရရှိမယ်လို့ သိရပါတယ်။​ ယခု ပြောင်းလဲထားတဲ့ Software Update တွေဟာ OnePlus 8 နဲ့ အထက် ဖုန်းတွေအတွက် အကျုံးဝင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus ရဲ့ OxygenOS ကို သဘောကျတဲ့သူတွေအတွက်ကတော့ ဒီသတင်းက ဝမ်းနည်းစရာဖြစ်ပေမယ့် တဖက်မှာ Android Update ပိုင်းပိုကောင်းလာတာကိုတော့ ဝမ်းသာရမှာပါ။

Ref – The Verge