OnePlus ဟာ လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက ဘတ်ဂျက်တန်းဝင် OnePlus Nord ကို မိတ်ဆက်ခဲ့ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ တည်ထောင်သူ Pete Lau နဲ့ အင်တာဗျူးအရ Nord ဖုန်းတွေဟာ အနာဂတ်မှာ စွမ်းရည်မြင့် ကင်မရာတွေနဲ့ ပေါ်ထွက်လာမယ်လို့ သတင်းထွက်လာပါတယ်။ ဒါဟာ OnePlus Nord SE ဖြစ်မယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုထွက်ပေါ်လာတဲ့ Phonearena က သတင်းကတော့ ကနဦးမှန်းဆချက်တွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အသစ်ထွက်လာမယ့် OnePlus Nord SE ဟာ မူလ Nord ထက်ပိုပြီး ဘာမှမျှော်လင့်လို့မရနိုင်ဘူးလို့ ဆိုလိုပါတယ်။ သတင်းအရ Nord SE ဟာ မူလ OnePlus Nord ရဲ့ Special Edition သာ ဖြစ်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီဇိုင်းပိုင်းကလွဲရင် ကျန်တာအပြောင်းအလဲ မရှိဘူးလို့ ဆိုပါတယ်။

OnePlus Nord SE ကို ဒီဇိုင်နာ Joshua Vides နဲ့ ပူးပေါင်းပြီး ဒီဇိုင်းတည်ဆောက်မယ်လို့ သိရပါတယ်။ Joshua Vides ဟာ နေ့စဉ်သုံးပစ္စည်းတွေမှာ Monochromatic hand-drawn illustrations တွေဖန်တီးတဲ့ ဂရပ်ဖစ်အနုပညာရှင်တစ်ဦးအဖြစ် ကျော်ကြားသူ ဖြစ်ပါတယ်။ အထူးသဖြင့် အီတလီ Luxury ဖက်ရှင်အမှတ်တံဆိပ် Fendi နဲ့တွဲပြီး လူသိများသူလည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် OnePlus Nord SE ဟာ အနောက်ဘက် Panel ကို ပြန်ပြင်ဆင်ထားတဲ့ အနုပညာမြောက် ဒီဇိုင်းနဲ့ထွက်လာမယ်လို့ ဆိုပါတယ်။ ကျန်တဲ့အတွင်းအစိတ်အပိုင်းတွေနဲ့ အချက်အလက်တွေကတော့ မူလ Nord အတိုင်းပဲ ဖြစ်မယ်လို့ သိရပါတယ်။ ဒါကြောင့် Nord SE မှာ 4,500mAh ဘက်ထရီ၊ 65W Warp Charging တွေပါလာမယ်ဆိုတဲ့ သတင်းတွေကတော့ မျှော်လင့်ချက်မဲ့ပြီလို့ ဆိုနိုင်ပါတယ်။

Ref: Gizmochina