ပြီးခဲ့တဲ့ မေလတုန်းက OnePlus နဲ့ Epic Game တို့ကြေညာခဲ့တာက OnePlus 8 ပိုင်ရှင်တွေဟာ Fortnite ကို 90FPS နဲ့ ကစားလို့ရမယ်ဆိုတာပါပဲ။ ဒါဟာ စမတ်ဖုန်းတွေထဲမှာ ပထမဆုံး ရတာလဲ ဖြစ်ပါတယ်။ အခုတော့ Fortnite နဲ့တင် မပြီးသွားပါဘူး။

သြဂုတ်လပထမပတ်မှာတင် ထပ်ပြီးကြေညာလိုက်တာက လူကြိုက်အများဆုံး ပစ်ခတ်ရေးဂိမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ PUBG ကိုလည်း OnePlus အချို့မှာ 90FPS နဲ့ ကစားနိုင်ပြီဆိုတာပါပဲ။ ဒီ Feature ကို ရယူသုံးစွဲနိုင်တဲ့ဖုန်းတွေက OnePlus 7 Pro, OnePlus 7T စီးရီးနဲ့ OnePlus 8 စီးရီးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် Refresh rate 90Hz နဲ့အထက် ရရှိတဲ့ OnePlus စမတ်ဖုန်းတိုင်းမှာ PUBG ကို 90FPS နဲ့ ကစားနိုင်ပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် ကာလအကန့်အသတ်တော့ ရှိနေပါတယ်။ သြဂုတ်လ ၇ ရက်နေ့ကနေ၊ စက်တင်ဘာလ ၆ ရက်နေ့ထိပဲ PUBG ကို ဒီ နှုန်းသစ်နဲ့ ကစားနိုင်မယ်လို့ ဆိုပါတယ်။

ဒီစာရင်းထဲမှာ OnePlus Nord မပါဝင်တာကတော့ အံ့အားသင့်စရာလို့ ဆိုရမှာပါ။ OnePlus Nord ကလည်း 90Hz refresh rate မျက်နှာပြင်နဲ့ပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီအတွေ့အကြုံသစ်ကို တရုတ်ပြည်မကြီး၊ ဂျပန် နဲ့ ကိုရီးယားတို့မှာ မရရှိနိုင်ဘဲ ကျန်တဲ့ ကမ္ဘာအနှံ့က သုံးစွဲသူတွေပဲ ရယူနိုင်မယ်လို့ သိရပါတယ်။

Ref: Gizmochina