၂၀၂၀ နောက်ပိုင်းမှာ OnePlus ဟာ Flagship လိုင်းကိုပဲအာရုံစိုက်တော့မယ်လို့တွေးရင် မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့ တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Pete Lau က ဈေးနှုန်းသင့် စမတ်ဖုန်းတွေကို ထောက်ခံအားပေးနေဆဲဖြစ်တယ်လို့ ပြောခဲ့လို့ပဲ ဖြစ်ပါတယ်။

OnePlus ဟာ Flagship Killer စမတ်ဖုန်းတွေနဲ့ နာမည်ရလာတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဒါပေမယ့် နာမည်ရပြီးနောက်ပိုင်းမှာ OnePlus ရဲ့ ထုတ်ကုန်တွေဟာ တဖြည်းဖြည်းနဲ့ ဈေးနှုန်းမြင့်တက်လာကိုလည်း တွေ့မြင်ရပါလိမ့်မယ်။

ဒီနှစ်ထုတ် OnePlus 8 Pro ဟာ ကုမ္ပဏီရဲ့ ဈေးအမြင့်ဆုံးထုတ်ကုန်ဖြစ်နေတဲ့အပြင်၊ အနာဂတ်ခြေလှမ်းတွေရဲ့ အစဦးစီမံကိန်းထဲက တစ်ခုသာ ဖြစ်ပါတယ်။ ဒါကြောင့် OnePlus ဟာ အရင်တုန်းကလို ဈေးနှုန်းသင့်တွေ ဆက်ထုတ်ပါဦးမလားလို့ မေးခွန်းထုတ်နေကြပေမယ့် Lau ကတော့ ဈေးနှုန်းသင့်ထုတ်ကုန်ကို စိတ်ဝင်စားဆဲဖြစ်ကြောင်း ပြောခဲ့တာပါ။

ဈေးနှုန်းသင့် စမတ်ဖုန်းဟာ ထုတ်လုပ်မှုလမ်းကြောင်းပေါ်မှာရှိနေကြောင်း၊ မြောက်အမေရိကနဲ့ ဥရောပဈေးကွက်တွေဆီ မပို့ခင် အိန္ဒိယဈေးကွက်မှာ အရင်ဦးဆုံး ဖြန့်ချိမှာဖြစ်ကြောင်း Lau ကပြောပါတယ်။ Device အမျိုးအစားကို Lau ကမပြောခဲ့ပေမယ့် ကောလာဟလသတင်းတွေက OnePlus Z ဖြစ်ဖွယ်ရှိတယ်လို့ ညွှန်ပြနေကြပါတယ်။

Lau ကတော့ ဈေးနှုန်းသက်သာပေမယ့် ကုန်ပစ္စည်းဟာ OnePlus ရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီစေရမယ်လို့ အာမခံစကား ပြောဆိုထားပါတယ်။ OnePlus Z ဟာ 6.4-inch မျက်နှာပြင်၊ ကျောဘက်ကင်မရာသုံးလုံးနဲ့ 4,000mAh ဘက်ထရီတွေ ပါဝင်မယ်လို့ သတင်းထွက်ထားပါတယ်။ တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေရဖို့ကတော့ နောက်ထပ် လအနည်းငယ် စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။

Ref: Phone Arena