ပြီးခဲ့တဲ့နှစ် စက်တင်ဘာက OnePlus TV အမှတ်တံဆိပ်ကို ရူပီး ၆၉,၉၉၀ (မြန်မာကျပ်ငွေ ၁၃ သိန်း) နဲ့ ရူပီး ၉၉,၉၉၀ (မြန်မာငွေ ၁၈ သိန်းခွဲ) ကြား တန်ဖိုးရှိတဲ့ 55” 4K QLED TV တွေနဲ့ စတင်မိတ်ဆက်လာခဲ့ပါတယ်။ ဒီဈေးနှုန်းက Smart TV တွေ အတွက်တော့ အနည်းငယ်မြင့်မားနေခဲ့တယ်လို့ ဆိုရမှာပါ။

ဒီတစ်ခါတော့ OnePlus ရဲ့တည်ထောင်သူနဲ့ CEO ဖြစ်တဲ့ Pete Lau က ပိုပြီးဈေးသက်သာတဲ့ Smart TV တွေကို Premium အရသာမပျက် ထပ်မံမိတ်ဆက်လာမယ်လို့ တွစ်တာမှာ တင်ခဲ့ပါတယ်။ ထုတ်ကုန်သစ်တွေ မိတ်ဆက်မယ့်ရက်ကိုတော့ ဇူလိုင် ၂ ရက်နေ့လို့ ကြေညာထားခဲ့ပါတယ်။

ဆောင်ပုဒ်အနေနဲ့ “Smart TV Smarter Price” လို့ဖော်ပြထားတာကြောင့် ဈေးနှုန်းကို ပိုမိုလိုက်လျောညီထွေရှိအောင် ပြောင်းလဲလာမှာဖြစ်သလို AI နည်းပညာအသစ်တွေကိုလည်း မြင်ရနိုင်ပါတယ်။ ဥပမာ ဆိုရင် Realme ကုမ္ပဏီဟာ သူ့ရဲ့ Realme TV တွေမှာ ChromaBoost နည်းပညာကို အသုံးပြုလာပြီး အလင်း၊ ကာလာ၊ ပုံရိပ်ကြည်လင်ပြတ်သားမှု စတာတွေကို တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။

ဈေးနှုန်းက ပိုသက်သာမယ်ဆိုတာ ရှင်းလင်းနေပြီဖြစ်တဲ့အတွက် ဈေးပိုသက်သာရင် TV အရွယ်အစားလည်း သေးငယ်လာနိုင်တာတော့ ထည့်တွက်ထားရမှာပါ။ ဒါပေမယ့် 55” ထက် အနည်းငယ်သေးငယ်တဲ့ အရွယ်အစားတွေဟာလည်း အိမ်သုံးအတွက်တော့ သေးလွန်းတယ်လို့ ပြောနိုင်မှာ မဟုတ်ပါဘူး။

Ref – GSMArena