OnePlus ဟာ ကြိုတင်အသိပေးထားတဲ့အတိုင်းပဲ အိန္ဒိယဈေးကွက်မှာ Smart TV စီးရီးအသစ်တွေကို ကြေညာခဲ့ပါတယ်။ OnePlus U စီးရီးမှာ OnePlus TV 55UI ပါဝင်ပြီး Y စီးရီးမှာတော့ OnePlus TV 43Y1 နဲ့ 32Y1 ဆိုပြီး မော်ဒယ်နှစ်မျိုးပါဝင်ပါတယ်။

မနှစ်က မိတ်ဆက်ခဲ့တဲ့ Q စီးရီးနဲ့ယှဉ်ရင် အခုထုတ်ကုန်သစ်တွေဟာ ပိုပြီးဈေးချိုသာလာပြီး Y စီးရီးဟာ ရူပီး ၁၂,၉၉၉ (မြန်မာငွေ နှစ်သိန်းလေးသောင်းနီးပါး) မှ စတင်ကာ Software ပိုင်းမှာ မနှစ်က ရူပီး ၆၉,၉၉၀ (မြန်မာငွေ ၁၂ သိန်းခွဲ) ကနေ စတင်ရောင်းချတဲ့ Q စီးရီးနဲ့ အတူတူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

OnePlus TV 55UI ဟာ ရူပီး ၄၉,၉၉၉ (မြန်မာငွေ ကိုးသိန်းခန့်) ကနေ စတင်ပြီး 55” 4K UHD (3840 x 2160p) Display ပါဝင်ပါတယ်။ ကိုယ်ထည်ကို သတ္ထုနဲ့ ပြုလုပ်ထားပြီး 6.9mm သာ ထူမှာပါ။ နောက်ဘက်မှာ ကာဘွန်ဖိုင်ဘာနဲ့ တည်ဆောက်ထားပြီး OnePlus U စီးရီးအတွက် Hidden-port ဒီဇိုင်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Software ပိုင်းမှာတော့ OnePlus U TV ဟာ Android TV 9.0 ကိုအသုံးပြုထားပြီး စမတ်ဖုန်းနဲ့ တီဗီကို လှမ်းထိန်းချုပ်နိုင်မယ့် OnePlus Connect လိုမျိုး ကုမ္ပဏီကိုယ်ပိုင် ဖြည့်စွက်မှုလေးတွေလည်း ပါဝင်ပါတယ်။ OnePlus Connect စနစ်ဟာ အခု အိုင်ဖုန်းတွေနဲ့ပါ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် Shared Album လို့ခေါ်တဲ့ Feature အသစ်က သင်အပြင်ရောက်နေရင်တောင် သင့်ဖုန်းထဲက ဓါတ်ပုံတွေကို အိမ်က တီဗီကို လှမ်းပြီး ပို့နိုင်မှာဖြစ်ပါတယ်။

OnePlus TV 55UI မှာ Chromecast Built-in ပါဝင်ပြီး 2.4GHz, 5GHz Wi-Fi နဲ့ Bluetooth 5.0 ထောက်ပံ့ပေးပါတယ်။ HDMI Port သုံးခုပါဝင်ပြီး AV Input Port တစ်ခု၊ Optical Audio Outport, Ethernet Port, USB 2.0 Port တစ်ခုနဲ့ USB 3.0 Port တစ်ခုတို့လည်း ပါဝင်ပါတယ်။

Ref – GizmoChina