OnePlus ကနေ ယခုနှစ်အတွင်းမှာ ပုံမှန် Flagship Series စမတ်ဖုန်းတွေအပြင် စျေးနှုန်းသက်သာတဲ့ Mid Range ဖုန်းစျေးကွက်ကိုပါ ပြန်လည်ဝင်ရောက်လာမယ်လို့ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ OnePlus ရဲ့ နှစ်တွေအတော်ကြာပြီးမှ ပြန်လည်ထုတ်လုပ်တဲ့ အဆိုပါ Mid Range ဖုန်းက OnePlus Z ဖြစ်လာမှာဖြစ်သလို အခုအချိန်မှာဆိုရင်လည်း India နိုင်ငံမှာ မိတ်ဆက်သွားမယ့်အချိန်က ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါသတင်းအရ OnePlus Z စမတ်ဖုန်းဟာ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ India နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး တခြားသော တရုတ်နိုင်ငံလိုမျိုး စျေးကွက်တွေမှာတော့ နောက်ပိုင်းမှပဲ ရောင်းချလာနိုင်ပါတယ်။ အခုအချိန်ဟာ အစောပိုင်းက သတင်းတွေထွက်ရှိထားတဲ့ ဇူလိုင်လအစောပိုင်းနဲ့ ကိုက်ညီနေတဲ့အတွက် သေချာသလောက်ကိုဖြစ်နေပြီလို့ ပြောလို့ရပါတယ်။

OnePlus Z စမတ်ဖုန်းဟာ အစောပိုင်းတုန်းက MediaTek Dimensity 800 Chipset ကို အသုံးပြုထားမယ်ဆိုပြီး သတင်းတွေထွက်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Qualcomm Snapdragon 765G ကိုပဲ အသုံးပြုပြီး ထွက်ရှိလာမယ်လို့ ကြားသိခဲ့ရပါတယ်။ ကျန်တဲ့ Specs တွေအနေနဲ့ကတော့ 6.55″ 90Hz AMOLED Display ၊ 6GB RAM ၊ 128GB Storage ပါဝင်မှာဖြစ်ပြီး Camera Setup အနေနဲ့ 48MP Primary Sensor ၊ 16MP Ultrawide Sensor နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ပါဝင်မှာဖြစ်ပါတယ်။

XDA Developers ကနေ ဖော်ပြထားတဲ့သတင်းအရတော့ အဆိုပါ OnePlus Z စမတ်ဖုန်းဟာ စျေးနှုန်းအနေနဲ့ INR 24,990 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) နဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် OnePlus Z ဖုန်းကို စောင့်နေတဲ့သူတွေရှိတယ်ဆိုရင် မကြာခင်မှာ ဝယ်ယူနိုင်တော့မှာပါ။

Ref – Android Central