OPPO ဟာ အိန္ဒိယမှာ OPPO F17 အနေနဲ့ဖြန့်ချိခဲ့တဲ့ စမတ်ဖုန်းကို OPPO A73 လို့နာမည်ပြောင်းပြီး အောက်တိုဘာ ပထမပတ်ထဲမှာ မိတ်ဆက်ခဲ့ပြန်ပါတယ်။ OPPO F17 တုန်းကတော့ တန်ဖိုးသင့်တဲ့ မော်ဒယ်အဖြစ်နဲ့၊ 4G ဗားရှင်းအဖြစ်နဲ့ပဲ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ကုမ္ပဏီဟာ A73 ကို 5G ဗားရှင်းအနေနဲ့ ထုတ်လုပ်ပြီး ဥရောပဈေးကွက်မှာ မိတ်ဆက်လာခဲ့ပါပြီ။ ဒီဟန်းဆက်ရဲ့ Specs, ဈေးနှုန်းနဲ့ ပုံရိပ်တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ မြင်တွေ့ရသလောက်တော့ ဒီမော်ဒယ်ဟာ 5G ဗားရှင်းအဖြစ် ပြောင်းလဲသွားရုံသာမကဘဲ၊ မူလ A73 နဲ့ ဒီဇိုင်းပိုင်း၊ အတွင်းအစိတ်အပိုင်းတွေလည်း မတူညီဘဲ ကွဲပြားခြားနားပါတယ်။

OPPO A73 ဟာ Qualcomm Snapdragon 662 SoC ကို အသုံးပြုထားပေမယ့်လည်း A73 5G ကတော့ Dimensity 720 Chipset နဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ 4G မော်ဒယ်ဟာ 6.44-inch FullHD+ AMOLED မျက်နှာပြင်၊ Waterdrop notch နဲ့ဖြစ်ပေမယ့် OPPO A73 5G ကတော့ 6.5-inch FHD+ 90Hz LCD မျက်နှာပြင်၊ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole နဲ့ ဖြစ်ပါတယ်။

OPPO A73 5G ဗားရှင်းရဲ့ Selfie ကင်မရာကတော့ 16MP မဟုတ်တော့ဘဲ 8MP သာ ဖြစ်တာကို တွေ့ရပါတယ်။ ကျောဘက်ကင်မရာအရေအတွက်ကလည်း 4G ဗားရှင်းမှာ ၄ လုံးရှိခဲ့ပေမယ့် 5G ဗားရှင်းမှာတော့ ၃ လုံးသာ ရှိပါတော့တယ်။ 2MP ကင်မရာ တစ်လုံးကို ဖယ်ထုတ်လိုက်ပြီး၊ LED ဖလက်ရှက်ကို နေရာရွှေ့လိုက်တာလည်း ဖြစ်ပါတယ်။

OPPO A73 5G ရဲ့ ဘက်ထရီအရွယ်အစားဟာ 4,040mAh အထိ တိုးမြင့်သွားတယ်ဆိုပေမယ့် အားသွင်းနှုန်းကတော့ 30W အစား 18W ပဲ ထောက်ပံ့ထားတာကို တွေ့ရပါတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ 8GB of RAM, 128GB Storage ထောက်ပံ့ထားပြီး Finger print ကို ဘေးဘက်မှာ တပ်ဆင်ပေးထားပါတယ်။ 3.5mm headphone jack, USB-C port နဲ့ NFC အထောက်အပံ့တွေလည်း ပါရှိပါတယ်။ ဥရောပဈေးကွက်အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းကတော့ $350 (၄ သိန်း ၅ သောင်းဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena