Oppo Ace2 စမတ်ဖုန်းဟာ ဧပြီလကုန်ပိုင်းလောက်မှာ တရုတ်နိုင်ငံအတွင်း စတင်ရောင်းချခဲ့ပြီး ထွက်ရှိချိန်မှာ အရောင်ကွဲသုံးမျိုးနဲ့ ဖြစ်ပါတယ်။ ယနေ့မှာတော့ နာမည်ကျော် Anime စီးရီးတစ်ခုဖြစ်တဲ့ Neon Genesis Evangelion စတိုင်နဲ့ Limited Edition တစ်ခု ထပ်ထွက်လာဖို့ သတင်းကြားလာရပါပြီ။

Evangelion ဟာ Netflix မှာ ကြည့်ရှုနိုင်လာတဲ့နောက် တကြော့ပြန်နာမည်ကြီးလာခဲ့ပြီး အခုဖုန်းရဲ့ နောက်ဘက်မှာ NERV လိုဂိုကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ NGE Anime ကို ၁၉၉၅ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပြီး ယခုနှစ်မှာ ၂၅ နှစ်ပြည့်တာကြောင့် Oppo Ace2 Evangelion Edition ဟာ ဒီစီးရီးရဲ့ ငွေရတုကို ဂုဏ်ပြုတဲ့အနေနဲ့ထုတ်တာလို့ ယူဆရပါတယ်။

စီးရီးရဲ့ စတုတ္ထမြောက်ရုပ်ရှင် “Rebuild of Evangelion” ကို COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့အချက်က အခုဖုန်းထွက်ရှိရက်ကိုရော ထိခိုက်စေမလားဆိုတာတော့ မသိရသေးပါဘူး။ Ace2 Evangelion Edition ဟာ အခြေခံမော်ဒယ်ကို ယွမ် ၄၀၀၀ (မြန်မာငွေ ၇ သိန်း ၉ သောင်း) သတ်မှတ်လာမှာဖြစ်ပြီး ပိုမြင့်တဲ့ ဗားရှင်းတွေရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Oppo Ace2 ဟာ အပြင်ပန်းစတိုင်ကလွဲရင် အတွင်း Specs တွေကတော့ မပြောင်းလဲပါဘူး။ 6.55” AMOLED Display မှာ 90Hz Refresh Rate, Snapdragon 865 ချစ်ပ်ဆက်နဲ့ 48MP အဓိကကင်မရာတွေကိုပဲ ထပ်မြင်ရမှာပါ။ ဒီဖုန်းရဲ့ အားသွင်းစနစ်က 65W အားသွင်းကြိုးနဲ့ 40W ကြိုးမဲ့ပါဝင်တာကြောင့် စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ။ ဒါ့အပြင် 4,000 mAh ဘက္ထရီက 10W Reverse Charging လည်း လုပ်လို့ရပါတယ်။

Ref – GSMArena