Oppo ကုမ္ပဏီဟာ သူတို့ရဲ့ 125W Flash Charge အားသွင်းစနစ်အသစ်ကို စမ်းသပ်ပြသခဲ့ပြီး 4,000 mAh ဘက္ထရီကို အားသွင်းပြရာမှာ ငါးမိနစ်အတွင်း 0% ကနေ 41% ကိုရောက်ရှိခဲ့တာ တွေ့ရပါတယ်။ ရာနှုန်းပြည့် အားသွင်းနိုင်ဖို့လည်း မိနစ် ၂၀ သာ ကြာမြင့်ခဲ့ပါတယ်။

မနှစ်က 65W SuperVOOC 2.0 နဲ့ ယှဉ်ကြည့်မယ်ဆိုရင် တိုးတက်လာတာကို မြင်ရပြီး အလားတူ ဘက္ထရီကိုပဲ မိနစ် ၃၀ ထိ ကြာမြင့်ခဲ့တာပါ။ နည်းပညာအသစ်ဟာ နှစ်ဆလောက်တော့ ပိုမြန်မလာသေးတာကိုလည်း သတိထားမိကြမှာပါ။ ဘာလို့လဲဆိုရင် ဘက္ထရီအားပိုပြည့်လာတာနဲ့အမျှ အပူချိန်ကို ညှိနှိုင်းပေးဖို့ အားသွင်းနှုန်းကို လျှော့ချပေးရလို့ ဖြစ်ပါတယ်။

ကာကွယ်မှုအပိုင်းမှာ Oppo ဟာ SuperVOOC 2.0 မှာပါတဲ့ အပူချိန်ဆင်ဆာစနစ် လေးခုကနေ ၁၀ ခုအထိ တိုးမြှင့်ထည့်သွင်းထားပါတယ်။ သူတို့က အားသွင်းနေတဲ့ ဘက္ထရီဟာ အပူချိန် ၄၀ ဒီဂရီအထက်ကို မရောက်ရှိဖို့ အာမခံပေးပြီး Charger ကို ဟက်ကာတွေ အနှောင့်အယှက်မပေးနိုင်အောင်လည်း 128-bit Encryption စနစ်ကို ထည့်သွင်းထားပါတယ်။

သူတို့ရဲ့ အားသွင်းစနစ်သစ်ကို ဖော်ပြထားတဲ့ ဗီဒီယိုအပြီးမှာတော့ ဒီအားသွင်းစနစ်ကို စျေးကွက်တင်အဆင့် ထုတ်လုပ်မှု စတင်နေပြီလို့လည်း Oppo မှ ကြေညာခဲ့ပါတယ်။ ဒါ့ကြောင့် ဒီ Charger တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေကို မကြာခင် မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSMArena