ပြီးခဲ့တဲ့ရက်က OPPO Find X3 Pro ရဲ့ အချက်အလက်တွေအကြောင်း သတင်းပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပါတယ်။ လာမယ့် ၂၀၂၁ ခုနှစ် ပထမသုံးလပတ်ထဲမှာ မိတ်ဆက်ဖို့သတင်းကြီးနေတဲ့ဒီစမတ်ဖုန်းဟာ ကင်မရာပိုင်းမှာလည်း အဆင့်မြှင့်တင်မှုပြုလုပ်ထားသလို၊ Display ပိုင်းမှာလည်း အရည်အသွေးမြင့်တက်လာမယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ အားသွင်းစနစ်ဟာ အများစုမျှော်လင့်ထားကြတဲ့ မြန်နှုန်းမဟုတ်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက 125W Flash Charge နည်းပညာကို ကြေညာခဲ့တာကြောင့် Find X3 Pro မှာလည်း ဒီနည်းပညာကို ထောက်ပံ့လာမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ အခုတော့ မျှော်လင့်ထားတဲ့ မြန်နှုန်းထက် ထက်ဝက်လောက်လျော့နည်းတဲ့ မြန်နှုန်းကိုပဲ ရရှိကြမှာပါ။

OPPO Find X3 Pro မှာ 65W Fast charging ကိုပဲ ထောက်ပံ့လာလိမ့်မယ်လို့ နာမည်ကျော် Leakster ဖြစ်တဲ့ Digital Chat station က Weibo မှာ ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။ 125W အမြန်အားသွင်းနည်းပညာကို ရှေ့ပြေးပုံစံစမတ်ဖုန်းမှာ စမ်းသပ်ပြသခဲ့ပေမယ့် တကယ်တမ်းမှာတော့ စီးပွားဖြစ်ထုတ်လုပ်ဖို့ လုံလောက်တဲ့ ပြီးပြည့်စုံမှုမရှိသေးတာလည်း ဖြစ်ပါတယ်။

125W အမြန်အားသွင်းစနစ်ဟာ 4,500mAh ဘက်ထရီကို ၀% ကနေ ၁၀၀% အထိ မိနစ် ၂၀ အတွင်းအားသွင်းပေးနိုင်တယ်ဆိုပေမယ့် ပြီးပြည့်စုံတဲ့နည်းပညာမဟုတ်သေးဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် အပူအတွက် ထိန်းချုပ်မှုပိုင်းနဲ့ ဒီဇိုင်းပိုင်းတည်ဆောက်မှုမှာ ပြင်ဆင်ဖို့လိုနေသေးတာဖြစ်ပြီး Find X3 Pro ဖြန့်ချိချိန်အမီ ပြီးစီးနိုင်ခြေမရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် 65W အမြန်အားသွင်းစနစ်ကလည်း Charging algorithm ပိုကောင်းအောင်ပြုလုပ်ထားတဲ့အတွက် ပြီးခဲ့တဲ့မျိုးဆက်ထက် ၂၀% ပိုမြန်လာမယ်လို့ သိရပါတယ်။ ဒါကြောင့် Find X2 pro ရဲ့ 4,260mAh ကို အားအပြည့်သွင်းချိန်ဟာ ၃၈ မိနစ်နဲ့အားသွင်းနိုင်သလို၊ Find X3 Pro ရဲ့ 4,500mAh ကိုလည်း တူညီတဲ့အချိန်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် OPPO Find X3 Pro ဟာ 30W ကြိုးမဲ့အမြန်အားသွင်းစနစ်ကိုလည်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။ Find X3 Pro ဟာ 6.7-inch curved OLED display နဲ့ဖြစ်ပြီး 120Hz refresh rate ကို ထောက်ပံ့ပေးမှာဖြစ်သလို၊ ကျောဘက်မှာလည်း 50MP sensor နှစ်ခုအပြင်၊ 13MP telephoto နဲ့ 3MP macro တို့ပါဝင်တဲ့ ကင်မရာလေးလုံး တပ်ဆင်ပေးထားမယ်လို့ သိရပါတယ်။

Ref: Gizmochina