Oppo ကတော့ Fast Charging ပြိုင်ပွဲမှာ တခြားပြိုင်ဘက်တွေထက် သာမယ့် ခြေလှမ်းတစ်ကွက် ထုတ်ပြလိုက်ပါပြီ။ 125W Charger အသစ်ကို မိတ်ဆက်ပြခဲ့သလို 65W AirVOOC လို့အမည်ပေးထားတဲ့ ကြိုးမဲ့အားသွင်းနည်းပညာ၊ 50W Mini SuperVOOC Charger တစ်ခုနဲ့ 110W Mini Flash Charger တို့ကိုပါ တရားဝင်ဖော်ပြလာခဲ့တာပါ။

125W Flash Charge အားသွင်းစနစ်ဟာ အများမျှော်လင့်သလောက် မြန်နှုန်းကို ဦးစားပေးထားတာမဟုတ်ဘဲ 4,000 mAh ဘက္ထရီကို ငါးမိနစ်အတွင်း 41% ထိ အားသွင်းနိုင်သလို 100% ရောက်ဖို့လည်း မိနစ် ၂၀ ကြာမြင့်မှာပါ။ ဒါပေမယ့် စမတ်ဖုန်းနဲ့ ဘက္ထရီတို့ကို ဒဏ်မပိစေအောင် Parallel Charge သုံးခုခွဲပြီး အားသွင်းပေးမှာဖြစ်ကာ အပူချိန်ဆင်ဆာစနစ် ၁၀ ခုကိုပါ ထပ်မံအားဖြည့်ထားတာကြောင့် စျေးကွက်ထဲပို့ပြီး သုံးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ပါတယ်။

AirVOOC Wireless Flash Charge အားသွင်းစနစ်ဟာ အအေးပေးဖို့ ပိုကောင်းတဲ့ စက်ဝိုင်းပုံဒီဇိုင်း၊ အပူချိန်လျော့ချဖို့ Glass Panel နဲ့ ကြိုးမဲ့အားသွင်းစနစ်ရဲ့ ထိရောက်မှုကို တိုးမြှင့်ပေးမယ့် Dual-Coil ဒီဇိုင်းတို့ ပါဝင်ပါတယ်။ AirVOOC စနစ်ဟာ ကြိုးနဲ့အသုံးပြုရတဲ့ 65W SuperVOOC 2.0 ရဲ့ စွမ်းဆောင်မှုအတိုင်း လုပ်ဆောင်ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် 4,000 mAh ဘက္ထရီကို အားအပြည့်သွင်းဖို့ မိနစ် ၃၀ ခန့်သာ ကြာမှာပါ။

လက်ရှိမှာတော့ ဒီအားသွင်းစနစ်ဟာ Concept အဆင့်သာရှိသေးပြီး အသုံးပြုနိုင်မယ့် Oppo စမတ်ဖုန်းလည်း မရှိသေးပါဘူး။ Charger ရဲ့အောက်မှာ Cooling Fan ပါဝင်ပြီး အပူချိန် ၂ ဒီဂရီဆဲလ်စီးရပ်ထိ လျော့ချပေးနိုင်မှာဖြစ်ကာ တည်ဆောက်ထားတဲ့ပုံကလည်း လေအေးစီးဆင်းနိုင်စေဖို့ ရည်ရွယ်ပါတယ်။

50W Mini SuperVOOC Charger ရဲ့အရွယ်အစားက Portable 4G Modem တစ်ခုလောက်ပဲ ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကြီးမားနေရာယူတဲ့ Charger တွေကို သွားလေရာသယ်ဆောင်ရမယ့်အစား ပိုက်ဆံအိတ်ထဲ အလွယ်တကူ ထည့်သွားနိုင်တဲ့ အားသွင်းကြိုးဖြစ်ပါတယ်။ ဒီ Charger လေးက VOOC တည်ဆောက်ပုံနဲ့ တွဲဖက်နိုင်ပြီး 4.0 ဗားရှင်းမှာ 30W ထိ ထောက်ပံ့ပေးနိုင်ပါတယ်။

110W Mini Flash Charger ကလည်း သူနဲ့အတူတူပဲဖြစ်ပြီး အရွယ်နည်းနည်းပိုကြီးပေမယ့် ဆောင်ရွက်ပုံက အတူတူပဲ ဖြစ်မှာပါ။ လက်ရှိစံညွှန်းတွေနဲ့ကိုက်ညီပြီး SuperVOOC စနစ်မှာ 65W ထိ၊ VOOC မှာ 30W နဲ့ Quick Charge ကို 36W ထိ အသုံးပြုနိုင်စေမှာပါ။

Oppo က သူတို့ရဲ့အားသွင်းစနစ်ဟာ ပြိုင်ဘက်တွေရဲ့ စမတ်ဖုန်းတွေကိုတောင် အတိုင်းအတာတစ်ခုထိ အားသွင်းနိုင်စေမယ်လို့ ဆိုပါတယ်။ ဥပမာ Huawei P40 Pro ကို မူရင်းပါတဲ့ 40W အစား 18W လောက်ထိ အားသွင်းပေးနိုင်တာပါ။ Xiaomi Mi 10 Pro ကို 30W နဲ့ Apple MacBook Pro ကို 65W ထိ ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိတစ်ကမ္ဘာလုံးမှာ Oppo ရဲ့ VOOC နည်းပညာမျိုးစုံကို လက်ခံအသုံးပြုနေသူ ၁၅၇ သန်းကျော်ရှိနေပြီး Oppo ကုမ္ပဏီဟာ Flash Charge နည်းပညာနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်ပေါင်း ၂၈၀၀ ကျော်ကို ရယူထားပါတယ်။

Ref – GSMArena