Oppo ဟာ Reno4 စီးရီးကို လာမယ့် ဇွန်လ ၅ ရက်နေ့မှာ မိတ်ဆက်တော့မှာဖြစ်ပြီး Reno4 ဖုန်းနှစ်လုံးရဲ့ အချက်အလက်တွေကိုလည်း အများစုတွေ့ပြီးပါပြီ။ ဒီတစ်ခါတော့ တရုတ်ပြည်တွင်း အွန်လိုင်းအရောင်းဆိုက်ဖြစ်တဲ့ JD.com ဟာ Reno4 Pro ကို တရားဝင် Render ပုံတွေနဲ့တကွ စောစီးစွာ စာရင်းတင်လာခဲ့တာကို မြင်ခဲ့ရပါတယ်။

Oppo Reno4 Pro ဖုန်းကို Crystal Red နဲ့ Blue အရောင်နှစ်မျိုးနဲ့အတူ ဘက်ပေါင်းစုံကနေ ရိုက်ကူးထားတာပါ။ သူ့ရဲ့စာရင်းထဲမှာတော့ 6.55” AMOLED Display ကို 90Hz Refresh Rate နဲ့လို့ ဖော်ပြထားပြီး အပေါ်ဘယ်ဘက်ထောင့်မှာ 32MP ဆဲလ်ဖီးကင်မရာတစ်လုံးတည်းကို Punch-hole ဒီဇိုင်းနဲ့ ထည့်သွင်းထားပါတယ်။

နောက်ဖက်ကင်မရာက 48MP အဓိကကင်မရာကို 13MP Telephoto နဲ့ 12MP Ultrawide Sensor တို့ဖြင့် ဝန်းရံထားပါတယ်။ မန်မိုရီကိုတော့ 8/128GB နဲ့ 12/256GB နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး Reno4 စီးရီးဟာ Android 10 OS အခြေခံထားတဲ့ နောက်ဆုံးပေါ် ColorOS 7 နဲ့ထွက်ရှိလာမယ်လို့ ယုံကြည်ရပါတယ်။

ဒီ Render ပုံတွေအပြင် Oppo ရဲ့တရားဝင် Weibo အကောင့်ကလည်း Reno4 စီးရီးဟာ 65W SuperVOOC 2.0 အားသွင်းစနစ်ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ပိုစတာပေါ်မှာ ငါးမိနစ်အားသွင်းရင် လေးနာရီထိ အသုံးပြုလို့ရမယ်လို့ ဖော်ပြထားပြီး အားအပြည့်သွင်းဖို့ နာရီဝက်သာကြာမယ်လို့ဆိုထားပါတယ်။

Ref – GSMArena