စမတ်တီဗီစျေးကွက်ထဲ ဝင်ရောက်လာတဲ့ လူကြိုက်များပြီးသား စမတ်ဖုန်း ကုမ္ပဏီတွေထဲ OPPO လည်း ပါဝင်လာပါပြီ။ ဒီနေ့ ကျင်းပတဲ့ ၂၀၂၀ OPPO Developer Conference (ODC) မှာ သူတို့ရဲ့ ColorOS 11 နဲ့ တရုတ်နိုင်ငံ အတွက် ထုတ်ထားတဲ့ OPPO Watch ECG Edition တို့ကို တရားဝင် ကြေညာခဲ့ပါတယ်။ OPPO ရဲ့ တီဗီ မိတ်ဆက်မယ့် သတင်းတွေ ထွက်တာက တကယ်ဆိုရင် ဒီတစ်ခေါက်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

တရုတ်အခြေစိုက် ဖုန်းကုမ္ပဏီဖြစ်တဲ့ OPPO ဟာ ၂၀၁၉ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ OPPO INNO Day conference တုန်းကလည်း သူတို့အနေနဲ့ ဂေဟစနစ် တစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ ခြောက်လခန့် အကြာ တရုတ်နိုင်ငံမှာ Reno4 series ကို မိတ်ဆက်ပြီးတဲ့ နောက်တစ်ရက်မှာတော့ ကုမ္ပဏီက သူတို့ထုတ်လုပ်မယ့် တီဗီအကြောင်းကို ပုံကြမ်းတစ်ခု ထုတ်ပြပြီး အရိပ်အမြွတ်ပြခဲ့ပါတယ်။ အဲ့ဒီနောက် ဒီလ အစောပိုင်းမှာ OPPO က မကြာခင်ထွက်ရှိတော့မယ့် OPPO TV နဲ့ သူတို့ရဲ့ Remote Control တွေ အတွက် 3C နဲ့ Bluetooth SIG တို့ရဲ့ အတည်ပြုမှုတွေ ရရှိခဲ့ပါတယ်။

အဲ့ဒီ Certification တွေ အရ OPPO စမတ်တီဗီတွေကို AOC ကုမ္ပဏီရဲ့ အခွဲ ဖြစ်တဲ့ TPV Display Technology (Xiamen) Co. Ltd က ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ကတော့ ၅၅ လက်မ နဲ့ ၆၅ လက်မ နှစ်မျိုး ဖြစ်ပြီး ဆိုဒ် တစ်မျိုးစီအတွက် မော်ဒယ်နံပတ် ၁၀ မျိုးနဲ့ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ Remote Control တွေက မော်ဒယ်နံပတ် RC-001D နဲ့ BRC-004A ဆိုပြီး အသီးသီးတွေ့ရမှာပါ။

လောလောဆယ်တော့ OPPO တီဗီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေအထိ မသိရသေးပါဘူး။ ဒါပမယ့် လက်ရှိမှာတော့ OPPO က အောက်တိုဘာလမှာ မိတ်ဆက်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ OPPO စမတ်တီဗီနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေက မကြာခင် ရက်ပိုင်းအတွင်းမှာ ထပ်မံထွက်ရှိလာဦးမှာပါ။

Ref – Gizmochina