နည်းပညာ နယ်ပယ်မှာ အောင်မြင်နေတဲ့ OPPO က စမတ်တီဗီ နယ်ပယ်ကို နယ်ချဲ့တော့မှာပါ။ OPPO က စမတ်တီဗီ ထုတ်မယ်ဆိုတာ အရိပ်အမြွက် ကြေညာလိုက်ပြီး ရောင်းချမယ့်အချိန် အတိအကျကို မပြောသေးပါဘူး။ OPPO ရဲ့ ဒုတိယ ဥက္ကဌ Liu Bo က ဒုတိယ နှစ်ဝက်မှာ ကြေညာမယ်ဆိုတာကိုတော့ ပြောလိုက်ပါတယ်။

သူက OPPO ဟာ တစ်ကိုယ်ရေ၊ မိသားစု၊ ခရီးသွားနဲ့ ရုံးသုံး စမတ် ကိရိယာတွေကို အနာဂတ်မှာ အဓိက ထုတ်လုပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒုတိယ နှစ်ဝက်မှာ စမတ်တီဗီ ရောင်းမှာကလွဲပြီး အဲဒီ တီဗီတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ လာမယ့် လတွေအတွင်းမှာ OPPO ရဲ့ စမတ်တီဗီတွေအကြောင်း ပိုသိလာရတော့မှာပါ။

OPPO ထက်အရင် စမတ်တီဗီ နယ်ပယ်ကိုနယ်ချဲ့လာကြတဲ့ ဖုန်း ကုမ္ပဏီတွေက Xiaomi, Huawei, Honor, OnePlus, Motorola နဲ့ Nokia တို့ ဖြစ်ပါတယ်။ OPPO ရဲ့ စမတ်ဖုန်း ကုမ္ပဏီခွဲ Realme ကလည်း စမတ်တီဗီ ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။

Realme က ဖေဖော်ဝါရီလမှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ MWC 2020 မှာ စမတ်တီဗီကို ကြေညာဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ပွဲပျက်သွားပါတယ်။ Realme က X50 Pro 5G ကို အွန်လိုင်းကနေ ကြေညာခဲ့ပေမယ့် စမတ်တီဗီကို ချန်လှပ်ခဲ့ပါတယ်။ Realme ရဲ့ စမတ်တီဗီ အကြောင်းကိုလည်း လာမယ့် ရက်ပိုင်းအတွင်းမှာ ပိုမို သိလာရတော့မှာပါ။

Ref : gizmochina