OPPO က 65W SuperVOOC 2.0 Rapid နည်းပညာကို ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။ အဲဒီနည်းပညာကို အောက်တိုဘာလမှာ ထွက်တဲ့ OPPO Reno Ace ဖုန်းမှာ ပထမဆုံး ထည့်သွင်းပေးခဲ့ပြီး လက်ရှိမှာ အမြန်ဆုံး အားသွင်းနည်းပညာ ဖြစ်ပါတယ်။ အခုတော့ OPPO က ၁ နှစ်အတွင်းမှာပဲ ဒီထက် ပိုလန်းတဲ့ အားသွင်းနည်းပညာကို ချပြတော့မှာပါ။ OPPO က ဒီလ ၁၅ ရက်နေ့မှာ 125W Super Flash Charge နည်းပညာကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

65W SuperVOOC 2.0 က ၃၀ မိနစ်အတွင်းမှာ 4,000mAh ဘက်ထရီကို အားအပြည့်သွင်းပေးနိုင်ပါတယ်။ realme ဟာ ၃ မိနစ်အတွင်းမှာ 4,000mAh ဘက်ထရီရဲ့ ၃ ပုံပုံ ၁ ပုံကို အားသွင်းပေးနိုင်တဲ့ 120W Ultra Dart နည်းပညာကို မကြာခင် မိတ်ဆက်မယ်လို့ ပူပူနွေးနွေး သတင်းထွက်နေပါတယ်။ အဲဒီနည်းပညာဟာ ၁၀ မိနစ်အတွင်းမှာ 4,000mAh ဘက်ထရီကို အားအပြည့်သွင်းပေးနိုင်မှာပါ။ 120W Ultra Dart နည်းပညာကို ဘယ်အချိန်ကြေညာမလဲဆိုတာ မသိရသေးပါဘူး။

OPPO ကလည်း အားကျမခံ 125W Super Flash နည်းပညာကို ချပြတော့မှာဖြစ်ပြီး ကုမ္ပဏီက ကြေညာမယ့် နေ့ကလွဲကာ တခြား သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။ OPPO က မိတ်ဆက်ပွဲပြီးနောက်မှာ ဒီနည်းပညာကို ဖုန်း အမြောက်အများမှာ ထည့်သွင်းရောင်းချမှာဖြစ်ပြီး ဒီနှစ် စက်တင်ဘာလလောက်မှာ အဲဒီ ဖုန်းတွေ ထွက်လာနိုင်ပါတယ်။

OPPO ဟာ 80W SuperVOOC 3.0 နည်းပညာကို ဖန်တီးနေတယ်လို့ မကြာခင်က သတင်းထွက်လာပေမယ့် ကုမ္ပဏီကတော့ အတည်မပြုသေးပါဘူး။ 65W SuperVOOC 2.0 ပါတဲ့ Reno Ace ကို အရင်နှစ် အောက်တိုဘာလမှာ ကြေညာခဲ့တဲ့အတွက် Ace Series အသစ်မှာ 125W Super Flash Charge ပါလာနိုင်ပါတယ်။

Ref : gizmochina