Samsung ကနေ ထုတ်လုပ်တဲ့ Display တွေဟာ လက်ရှိအချိန်မှာ အရည်အသွေးအမြင့်မားဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါကြောင့်လည်း Samsung Flagship ဖုန်းတွေအပြင် တခြားသော Flagship ဖုန်းတွေအကုန်လုံးနီးပါးက Samsung Display တွေကိုပဲ အသုံးပြုနေကြတာဖြစ်ပါတယ်။

Samsung Display ကို ဝယ်ယူအသုံးပြုသူတွေထဲမှာ Apple iPhone တွေလည်း အဓိကပါဝင်ပြီးတော့ အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းအရ Samsung ဟာ iPhone 14 Series ဖုန်းတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို Display ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဒါဟာ ယခင်တုန်းကထက် Apple ဟာ Samsung အပေါ်မှာ မှီခိုမှုပိုမိုမြင့်မားလာတာလည်း ဖြစ်ပါတယ်။

Samsung ဟာ လက်ရှိအချိန်မှာ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေအတွက် LTPO OLED Display အပြင် iPhone 14 နဲ့ iPhone 14 Plus ဖုန်းတွေအတွက်ပါ ပုံမှန် OLED Display တွေကို ထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ Apple ဟာ iPhone 14 Series အလုံးရေ သန်း ၁၂၀ ကျော်ထုတ်လုပ်ဖို့ စီစဥ်ထားတဲ့အတွက် Samsung ဟာ Display ပေါင်း သန်း ၈၀ ကျော်ကို ထုတ်လုပ်ပေးရမှာဖြစ်ပါတယ်။

ကျန်တဲ့ iPhone 14 Series ဖုန်းတွေအတွက် Display ထောက်ပံ့သူတွေကတော့ LG Display ကနေ အရေအတွက် သန်း ၂၀ ကျော် ထုတ်လုပ်ပေးနေပြီး တရုတ် Display ကုမ္ပဏီတစ်ခုဖြစ်တဲ့ BOE ကတော့ အရေအတွက် ၆ သန်းကျော်ပဲ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီထဲမှာမှ Samsung နဲ့ LG Display တွေပဲ iPhone 14 Series ဖုန်းအားလုံးအတွက် Display ထောက်ပံ့ပေးနိုင်တာဖြစ်ပြီး BOE ကတော့ 6.1″ iPhone 14 အတွက်ပဲ Display တွေကို ထုတ်လုပ်နေရတာဖြစ်ပါတယ်။

Ref – GSM Arena