နာမည်အကြီးဆုံး Streamer တွေထဲက တစ်ယောက်ဖြစ်တဲ့ Shroud (အမည်ရင်း Michael Grzesiek) ဟာ Twitch ပလက်ဖောင်းပေါ်သို့ တကြော့ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ ပထမဆုံး Stream မှာ တပြိုင်တည်း ကြည့်ရှုသူဦးရေ ငါးသိန်းကျော်ထိ ရှိခဲ့ပါတယ်။

Shroud ရဲ့ Comeback Stream ကို မစခင်တည်းက စောင့်ဆိုင်းနေခဲ့သူ ငါးသိန်းနီးပါးရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ ကင်မရာကို ဖွင့်ကာ Valorant ဂိမ်းသစ်အား ဝင်ရောက်ကစားပြချိန်မှာတော့ အမြင့်ဆုံး ငါးသိန်းကျော်ထိ ကြည့်ရှုခဲ့ကြတာပါ။ စုစုပေါင်း ၇ နာရီနဲ့ ၃၇ မိနစ် ကြာမြင့်တဲ့ Shroud ရဲ့ Stream အတွင်းမှာ ပျမ်းမျှ ကြည့်ရှုသူဦးရေ ၂၃၈,၀၀၀ ထိ ရှိခဲ့ပါတယ်။

Shroud ကိုယ်တိုင်တောင် သူ့ကိုစောင့်မျှော်နေတဲ့ ပရိသတ်ကြောင့် အံ့အားသင့်ခဲ့ရပြီး အလွန်ဆုံး ပရိသတ် ၂ သိန်းကျော် လောက်ပဲ ရှိမယ်လို့ ခန့်မှန်းမိခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒီ Stream ကို အမြင့်ဆုံး တပြိုင်နက်ကြည့်ရှုသူ ၅၁၆,၂၈၉ ထိ ရှိခဲ့တယ်လို့ သူက ပြန်လည်ဖော်ပြခဲ့ပါတယ်။

“ဘာလို့ ခင်ဗျားတို့ ဒီလောက် အများကြီး ရောက်နေတာလဲ ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်က ဂိမ်းဆော့ရတာ ကြိုက်တဲ့ သာမာန်လူတစ်ယောက်ပါဗျာ၊ ဒါက အလွန်ကြီးပဲ” လို့ သူက ပြောခဲ့ပါတယ်။

Shroud ဟာ Microsoft ရဲ့ Mixer ပလက်ဖောင်းသို့ အောက်တိုဘာလက ကူးပြောင်းခဲ့ပြီး Twitch ချန်နယ်ကို ပစ်ထားခဲ့တာပါ။ ဒါပေမယ့် Mixer ဟာ ထင်သလောက် အောင်မြင်မှု မရခဲ့တာကြောင့် မူရင်းပလက်ဖောင်းကို ဖျက်သိမ်းကာ အခုချိန်မှာ Facebook Gaming နဲ့ ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။

နာမည်ကျော် Streamer တွေဖြစ်တဲ့ Shroud နဲ့ Ninja တို့ကတော့ Mixer ကို အလွန်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရွှေ့ပြောင်းခဲ့ကြပေမယ့် ဖျက်သိမ်းချိန်မှာ မူရင်းပလက်ဖောင်းဖြစ်တဲ့ Twitch ကိုပဲ ပြန်လာခဲ့ကြပါတယ်။

Ref – One Esports