Google ရဲ့ Google Assistant ရဲ့ တိုက်ရိုက်ပြိုင်ဖက်ဖြစ်တဲ့ Amazon ရဲ့ Alexa ကအခုနောက်ပိုင်းမှာ တော်တော်လေး လူသိများလာသလို နာမည်ပိုကြီးလာပါပြီ။ Amozon က Alexa ကိုစမိတ်ဆက်ခဲ့တုန်းကတည်းက တော်တော်လေးကောင်းတဲ့ AI အဖြစ် လူအများလက်ခံထားပါတယ်။

Alexa ထုတ်ကုန်တွေဖြစ်တဲ့ Echo Speaker နဲ့ Echo Dot တွေကိုလည်း ဝယ်ယူအသုံးပြုသူများပြားလာခဲ့ပါတယ်။ အသုံးပြုသူများပြားလာတာနဲ့အမျှ Alexa ရဲ့ နာမည်ကလည်း နေ့စဉ်သုံးစကားလုံးတစ်ခုဖြစ်လာပါတယ်။ လူအစစ်မဟုတ်တဲ့ Alexa တစ်ယောက်တော့ နာမည်ကိုအပိုင်သိမ်းသွားပြီလားဆိုတဲ့မေးခွန်းက ရုတ်တရက်ရောက်လာပါတယ်။

Alexa ဆိုတာ တော်တော်လှပြီး ခေါ်လို့ကောင်းတဲ့ မိန်းကလေးနာမည်တစ်လုံးပါ။ Amazon ကအသုံးပြုပြီးတဲ့နောက်ပိုင်း လူအစစ် Alexa တွေနဲ့လည်း ရောထွေးလာပါတယ်။ အခုနောက်ပိုင်းမှာတော့ စစ်တမ်းကောက်ယူချက်တွေအရ မိန်းကလေးမွေးတဲ့ ကလေးအမေတော်တော်များများက သူတို့ရဲ့ သမီးလေးတွေကို Alexa ဆိုပြီးပေးတာမျိုးတွေ နည်းလာတယ်လို့ သိရပါတယ်။ Amazon က Alexa နာမည်ကို နေရာတစ်ကာအတွက် မူပိုင်ခွင့်ဝယ်ထားတာတော့မဟုတ်ပါဘူး။

Hey Alexa လို့ခေါ်လိုက်တိုင်း လူတွေနဲ့မှားနိုင်တာကြောင့် အခြားနာမည်တွေကိုပဲ ကလေးအမေတွေက ပိုပြီးပြောင်းပေးလာတာပါ။ လွန်ခဲ့တဲ့ 2015 ခုနှစ်မှာ Alexa လို့နာမည်ပေးထားတဲ့ မိန်းကလေးအရေအတွက်ပေါင်း ၆၀၅၀ ခန့်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် 2017 စစ်တမ်းအသစ်အရ အသစ်မွေးဖွားတဲ့ မိန်းကလေးတွေထဲက ၃၈၈၃ ယောက်ပဲ Alexa ဆိုတဲ့နာမည်ကိုပေးတော့တာဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာလွှမ်းမိုးမှုတွေထဲက တစ်ခုအပါအဝင်ဖြစ်သွားတဲ့ Amazon ရဲ့ Alexa ကတော့ နောင်တစ်ချိန်မှာ လူအများပြန်ပြောစရာဖြစ်လာဦးမှာပါ။