အခုလက်ရှိဖြစ်ပွားနေတဲ့ တကမ္ဘာလုံးဆိုင်ရာကူးစက်ကပ်ရောဂါဖြစ်တဲ့ COVID-19 ဟာ စမတ်ဖုန်းထုတ်လုပ်မှုတွေအပြင် တခြားသောထုတ်ကုန်တွေအများအပြားကိုပါ ထိခိုက်စေခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ PC ကွန်ပျူတာတွေရဲ့ ရောင်းချရမှုလည်းပါဝင်ခဲ့ပါတယ်။

ယခင်တုန်းက သုံးသပ်သူတွေကနေ ယခု COVID-19 အပြင် တရုတ်နှစ်ကူးအတွက်စက်ရုံတွေပိတ်တာနဲ့ပါ ပေါင်းပြီး မနှစ်ကထက် ရောင်းချရမှုက ၈ ရာခိုင်နှုန်းက ကျဆင်းမယ်လို့ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့်ရလဒ်အရတော့ PC ကွန်ပျူတာတွေတင်ပို့ရောင်းချရနှုန်းက ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအထိ ကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။

အခု PC ထုတ်လုပ်သူတွေထဲမှာ Apple က မနှစ်တုန်းကထက် ၂၁ ရာခိုင်နှုန်းကျဆင်းသွားပြီး ဆုံးရှုံးမှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ HP နဲ့ Acer တို့က ၁၀ ရာခိုင်နှုန်းကျော်နဲ့ ဒုတိယနဲ့ တတိယနေရာတွေကိုရယူထားတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Dell ကုမ္ပဏီတစ်ခုပဲ မနှစ်ကထက် ၁.၁ ရာခိုင်နှုန်းပိုပြီး ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာ COVID-19 ကြောင့် အိမ်ကနေ အလုပ်လုပ်ကိုင်တဲ့သူတွေများပြားလာတဲ့အတွက် မကြာခင်မှာ PC စျေးကွက်က ပြန်လည်ပြီး ရောင်းအားတက်လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – Engadget