ဒီနေ့ခေတ်မှာ Foldable စမတ်ဖုန်းတွေ ခေတ်စားလာပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Samsung က Flip 4 နဲ့ Fold 4 ကို ကြေညာခဲ့ပါတယ်။ Xiaomi ကလည်း အားကျမခံ Mix Fold 2 ကို ချပြခဲ့ပြီး Motorola က Razr 2022 ကို ပွဲထုတ်ခဲ့ပါတယ်။ အခုတော့ Pete Lau ရဲ့ တွစ်တာက ပို့စ်အရ OnePlus ဟာလည်း Foldable Device ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

OnePlus Foldable hinge

OnePlus CEO နဲ့ ပူးတွဲတည်ထောင်သူ Pete Lau က တွစ်တာမှာ ဓါတ်ပုံ တချို့ကို မျှဝေခဲ့ပြီး ဒါဘာလို့ ထင်သလဲလို့ Follower တွေကို မေးမြန်းခဲ့ပါတယ်။ ဓါတ်ပုံအရ အဲဒါဟာ ဖုန်း ၁ လုံးရဲ့ Hinge ဒီဇိုင်း ဖြစ်ပြီး နောက်ထုတ်မယ့် OnePlus Foldable ဖုန်းမှာ အသုံးပြုထားနိုင်ပါတယ်။ Lau ရဲ့ ပို့စ်မှာ အဲဒီ စမတ်ဖုန်းရဲ့ ဒီဇိုင်း၊ နာမည် စတဲ့ သတင်းအချက်အလက် အသေးစိတ်တွေကို မပြောထားပါဘူး။ ဒါပေမယ့် OnePlus ရဲ့ Foldable ဖုန်းဟာ OPPO Find N နဲ့ ဆင်တူနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

OnePlus Foldable

လက်ရှိမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို မသိရသေးဘဲ အရင်ပေါက်ကြားသတင်းတွေအရ ၂၀၂၃ ခုနှစ်မှာ ကြေညာနိုင်ပါတယ်။ OnePlus ဟာ Foldable စမတ်ဖုန်း လောကထဲ ဝင်ရောက်လာမှာက သတင်းကောင်း ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Foldable ဖုန်း နယ်ပယ်မှာ ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာပြီး ပိုကောင်းတဲ့ ဖုန်းတွေထွက်လာမှာမို့ ဖြစ်ပါတယ်။ ဒါပေမယ့် OnePlus ဟာ OPPO Find N ကို လုံးဝထပ်တူ ကူးမချထားဖို့ မျှော်လင့်ရမှာပါ။

လက်ရှိ Foldable ဖုန်း ဈေးကွက်ကို Samsung က အုပ်စိုးထားပါတယ်။ ကုမ္ပဏီဟာ Foldable ဖုန်းတွေကို ပိုမို တိုးတက်အောင် ဖန်တီးနေပြီး လူ သုံးများအောင် ကြိုးစားနေပါတယ်။ Xiaomi ကလည်း Mix Fold 2 ကို အကောင်းဆုံး ဖန်တီးထားပြီး ထွက်ဖူးသမျှထဲမှာ အပါးလွှာဆုံး Foldable ဖုန်း ဖြစ်ပါတယ်။

OPPO ဟာ Find N ရဲ့ မျိုးဆက်သစ်ကို ကြေညာဖို့ ပြင်ဆင်နေပြီး ဒီနှစ်နှောင်းပိုင်းမှာ Foldable ဖုန်း အသစ်တွေကို ချပြမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina