Esports ဟာ ဖျော်ဖြေရေးနဲ့ အားကစားယှဉ်ပြိုင်မှုနှစ်မျိုးစလုံးကို ကိုယ်စားပြုလာတဲ့ ကဏ္ဍတစ်ခုအနေနဲ့ နိုင်ငံတကာမှာ နေရာရလာတာကြောင့် အသက်မွေးဝမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံတော်တော်များများကလည်း တက္ကသိုလ်နဲ့ ကောလိပ်အဆင့် အသိအမှတ်ပြုလက်မှတ်တွေ ပေးလာခဲ့ကြပါတယ်။

လောလောဆယ် မလေးရှား၊ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတွေမှာ Esports ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေ ပေါ်ထွက်နေပြီဖြစ်ပြီး ဒီစာရင်းထဲကို အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်လည်း ထပ်မံပါဝင်လာတော့မှာပါ။

ဖိလစ်ပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့ Lyceum တက္ကသိုလ်ဟာ ဖိလစ်ပိုင်အခြေစိုက် အဖွဲ့အစည်း Tier One Entertainment နဲ့ပူးပေါင်းကာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြောင်း အဆိုပါတက္ကသိုလ်ရဲ့ အမှုဆောင်အရာရှိချုပ် Tryke Gutierrez မှတဆင့် သိရပါတယ်။

သူတို့ရဲ့ အစီအစဉ်အရ ဆိုရင် Bachelor of Science in Esports လို့ အမည်ပေးထားတဲ့ ဘွဲ့ကို လေးနှစ်ကြာ တက်ရောက်ပြီး ရယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် Game Design နဲ့ Esports Management ဆိုတဲ့ ဘာသာရပ်နှစ်ခုကိုလည်း ထည့်သွင်းထားမှာပါ။

Esports ဘွဲ့ဆိုလို့ လွယ်လွယ်ကူကူနဲ့ ရမယ်လို့ မထင်သင့်ကြောင်း Gurierrez က သူ့ရဲ့ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ “ဒီဘာသာရပ်က လွယ်လင့်တကူဖြစ်လိမ့်မှာမဟုတ်ဘူးလို့ ကြိုသတိပေးထားချင်ပါတယ်။ ဒီဘွဲ့က ဂိမ်းဆော့ပြီး ပျော်နေရုံသက်သက်မဟုတ်ပါဘူး။ ပြင်းထန်စွာ ကြိုးစားမှု၊ ကျွမ်းကျင်မှု၊ ပရိုပီသတဲ့စိတ်နေစိတ်ထား အစရှိသဖြင့် အများကြီးလိုအပ်မှာပါ” လို့ သူကဆိုပါတယ်။

သူတို့ရဲ့ ကြိုးပမ်းမှုဟာ ပြီးပြည့်စုံလုနီးပြီဖြစ်ကာ အဆင့်မြင့်ပညာသင်ကြားရေးကော်မရှင် (CHED) ကို လာမယ့် မတ်လမှာ အတည်ပြုချက် တင်ပြတောင်းခံတော့မှာဖြစ်လို့ Esports ဘာသာရပ်နဲ့ ဘွဲ့ယူလိုသူတွေဟာ အနီးအနားမှာ ရယူနိုင်မယ့် အခွင့်အရေးတစ်ခု တိုးလာတော့မှာဖြစ်ပါတယ်။

Ref – AFKGaming