Pixel 7 နဲ့ Pixel 7 Pro ဖုန်းအသုံးပြုသူတွေက သူတို့ရဲ့ ဖုန်းမှာ YouTube ကို Full Screen အသုံးပြုပြီး ပြန်ထွက်လိုက်ချိန်မှာ တုန့်ပြန်မှုမရှိတော့ဘဲ Freezing ဖြစ်သွားတယ်လို့ အွန်လိုင်းပေါ်မှာ သတင်းပေးနေကြပါတယ်။ ဟုတ်ပါတယ်။ တကယ်ပဲဖြစ်နေကြတာပါ။ ဒီပြဿနာကို 9To5Google ကလည်း အတည်ပြုပေးထားပါတယ်။

9To5Google ရဲ့ အစီရင်ခံစာမှာတော့ တကယ်တမ်း ဒီပြဿနာကို ဖြစ်စေတာက App ကြောင့်မဟုတ်ပေမဲ့ App ကနေ ထွက်လိုက်ရင်တော့ ပြဿနာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရလဒ်ကတော့ ဖုန်းဟာတုံ့ပြန်မှုမရှိတော့ဘဲ Restart လုပ်ရုံကလွဲရင် တခြားရွေးချယ်စရာမရှိဘူးလို့လည်း သိရပါတယ်။ ဖုန်းမျက်နှာပြင်ဟာ Lock ချထားသလို မှောင်သွားပေမဲ့လည်း Unlock လုပ်လို့ မရပါဘူး။ ဒီလို ဖြစ်နေချိန်မှာ အသံက ဆက်ပြီးကြားနေရသေးပေမဲ့လည်း ပါဝါခလုတ်နဲ့ ရပ်တန့်နိုင်မှာဖြစ်ပါတယ်။

ဒီပြဿနာဟာ တခြား Media players တွေမှာတော့ မဖြစ်ပွားတဲ့အတွက်ကြောင့် YouTube app နဲ့ သက်ဆိုင်တဲ့ ပြဿနာလို့ အတိအကျမဆိုနိုင်သေးပေမဲ့ System issue ဖြစ်နိုင်ခြေ ပိုများပါတယ်။ အခြေအနေအများစုမှာ ဖုန်းဟာ ခဏတာ Freezing ဖြစ်နေပြီး သူ့ဖာသာသူ Restart ပြန်ဖြစ်သွားပါတယ်။ မြန်မြန်ဆန်ဆန် Restart ဖြစ်ချင်ရင်တော့ ပါဝါခလုတ်ကို ဖိထားရမှာ ဖြစ်ပါတယ်။

ဒီတော့ ပြန်ပြင်မပေးမချင်းမှာ YouTube မပိတ်ခင်၊ ဒါမှမဟုတ် App တွေကို Switch မလုပ်ခင်မှာ Full-screen ကို ထွက်ထားဖို့ သေချာဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာဖြစ်သွားပြီး အလုပ်မဖြစ်ရင်တော့ ပါဝါနဲ့ အသံအတိုးအကျယ်ခလုတ်ကို ၁၅ စက္ကန့်လောက်ဖိထားပြီး ဖုန်းကို Restart ပြန်စအောင် လုပ်ရမှာပဲ ဖြစ်ပါတယ်။ ဒီပြဿနာဟာ Android 13 မထွက်ခင် Pixel 6a လိုမျိုး Pixel 6 စီးရီးတွေမှာဖြစ်တာနဲ့ ဆင်တူပါတယ်။ လောလောဆယ်မှာတော့ Google က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်မပေးသေးပဲ တိတ်ဆိတ်နေပါသေးတယ်။

Ref: Phone Arena