Google ဟာ ယခုလအစောပိုင်းတုန်းက မိတ်ဆက်သွားခဲ့တဲ့ Google I/O 2022 Event မှာ Google Pixel Watch ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ Pixel Watch ဟာ လာမယ့်နှစ်ကုန်ပိုင်းမှ Pixel 7 Series ဖုန်းတွေနဲ့အတူရောင်းချသွားမှာဖြစ်တာကြောင့် အသေးစိတ်အချက်အလက်တွေကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Google Pixel Watch ဟာ Samsung ရဲ့ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ထုတ်လုပ်ထားတဲ့ Exynos 9110 Processor ကို အသုံးပြုထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် Pixel Watch ရဲ့ စွမ်းဆောင်ရည်အပေါ်ကို မေးခွန်းထုတ်မှုတွေများပြားလာခဲ့ပါတယ်။

အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Google Pixel Watch ဟာ Exynos 9110 Processor ကို အသုံးပြုလာမယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သတင်းကောင်းတစ်ချို့ကိုပါ သိရှိလာခဲ့ရပါတယ်။

ဒါကတော့ Pixel Watch မှာ အသုံးပြုထားမယ့် Processor ဟာ Exynos 9110 တစ်ခုတည်းမဟုတ်ဘဲ Google ရဲ့ ကိုယ်ပိုင် Co-Processor တစ်ခုကိုလည်း ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။ ဒါကြောင့် Pixel Watch မှာ Processor ၂ မျိုးပါဝင်မှာဖြစ်ပြီး အလုပ်လုပ်တဲ့အပေါ်မှုတည်ပြီးခွဲခြားတာဝန်ပေးသွားမယ်လို့ ယူဆရပါတယ်။

နောက်ထပ်သတင်းအနေနဲ့ကတော့ Pixel Watch မှာ Storage အနေနဲ့ 32GB အထိပါဝင်မှာဖြစ်ပြီး RAM အနေနဲ့လည်း လက်ရှိ Smartwatch တွေအားလုံးထက်ပိုပြီး များပြားမယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Samsung Galaxy Watch 4 ဟာ 1.5GB RAM ပါဝင်တာကြောင့် Google အနေနဲ့ Pixel Watch မှာ အနည်းဆုံး RAM 2GB ထည့်သွင်းလာနိုင်ပါတယ်။

Ref – Gizmo China