၂၀၂၀ အားလပ်ရက်ရာသီမှာ ဈေးကွက်ထဲ စတင်ရောက်ရှိမယ်လို့ ကြေညာထားတဲ့ PlayStation 5 ဟာ အခုနှစ် အစောပိုင်းမှာ COVID-19 ကြောင့် နှောင့်နှေးမှုတွေထဲ ပါဝင်ခဲ့ပြီး ပထမအသုတ်မှာ ကန့်သတ်ထားတဲ့ အရည်အတွက်တိုင်းပဲ ရောင်းချလာမယ်လို့ အရင်ဆုံးသတင်းထွက်ခဲ့ပါတယ်။

တစ်နေ့က PS5 ရဲ့ ဒီဇိုင်း၊ ပါဝင်မယ့်အချက်အလက်တွေနဲ့ ရရှိနိုင်ဖို့ အတည်ပြုထားတဲ့ ဂိမ်းအသစ်တွေကို အားရစဖွယ် မိတ်ဆက်ခဲ့ပေမယ့် ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်တို့ကို ချန်လှစ်သွားခဲ့တာကြောင့် PS5 ရဲ့ဈေးနှုန်းဟာ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ဈေးနှုန်းချိုချိုသာသာတော့ ဟုတ်ပုံမရဘူးလို့ ခန့်မှန်းချက်တွေ ထွက်လာခဲ့တာပါ။

ယနေ့မှာတော့ PlayAsia ကတဆင့် PlayStation 5 ရဲ့ Digital Only နဲ့ Standard ဗားရှင်းနှစ်ခုလုံးအတွက် ဈေးနှုန်းဟာ ဒေါ်လာ ၆၉၉.၉၉ (မြန်မာငွေ ဆယ်သိန်းနီးပါး) ဆိုတဲ့ Screenshot ပေါက်ကြားလာခဲ့ပါတယ်။

၂၀၀၆ ခုနှစ်တုန်းကလည်း PS2 နဲ့ ကွန်ဆိုးဂိမ်းစက်လောကမှာ သရဖူဆောင်းထားတဲ့ Sony ဟာ PS3 ရဲ့ဈေးနှုန်းကို ဒေါ်လာ ၅၉၉ ထိ မြှင့်တင်ရောင်းချခဲ့လို့ ပြိုင်ဘက် Xbox 360 ရဲ့ဈေးနှုန်း ဒေါ်လာ၂၉၉ နဲ့ အကြိတ်အနယ် ပြန်ယှဉ်ပြိုင်ခဲ့ရပြီး PlayStation 4 မှာတော့ ပိုမိုချိုသာတဲ့ဈေးနှုန်းနဲ့ ပြန်စတင်ပေးခဲ့ရပါတယ်။

သူတို့ကိုယ်တိုင်လည်း မူရင်းပထမဆုံး PlayStation ကို ထိုစဉ်က နာမည်ကျော် Sega ရဲ့ Saturn ဂိမ်းစက်နဲ့ ယှဉ်ဖိုက်ခဲ့ရတာဖြစ်ပြီး Sega Saturn က တန်ဖိုးဒေါ်လာ ၃၉၉ လို့ကြေညာခဲ့ချိန်မှာ Sony အမေရိကန်ဌာနခေါင်းဆောင် Steve Race က စင်ပေါ်ကို တက်လာပြီး “၂၉၉ ဒေါ်လာ” လို့ တစ်ခွန်းတည်းပြောပြီး ပြန်ဆင်းသွားခဲ့တဲ့ မြင်ကွင်းဟာ ဂိမ်းစက်လောကရဲ့ Iconic မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် တစ်နေ့က Amazon UK ရဲ့ ဝက်ဆိုက်ပေါ်မှာ PlayStation 5 တန်ဖိုးကို စတာလင်ပေါင် ၅၉၉.၉၉ (မြန်မာငွေ ဆယ်သိန်းငါးသောင်းခန့်) လို့ဖော်ပြခဲ့ပြီး ပြန်ဖြုတ်ချသွားခဲ့ပါသေးတယ်။

Amazon UK ကတော့ သူတို့ဖော်ပြခဲ့တာဟာ ဒီတိုင်းဖြည့်ထားတဲ့ တန်ဖိုးဖြစ်ပြီး မမှန်ကန်ဘူးလို့ ပြန်ငြင်းဆိုခဲ့ပေမယ့် PlayStation 5 ဟာ အရင်မျိုးဆက်တွေထက် ဈေးကြီးမယ့်ပုံရှိတာတော့ တဖြည်းဖြည်းပေါ်လွင့်နေပါပြီ။ ဈေးနှုန်းကို အတိုးအလျှော့လုပ်ဖို့ ပြိုင်ဘက် Xbox Series X အသစ်ရဲ့ ဈေးနှုန်းကို စောင့်ကြည့်နေတာလို့တော့ သံသယရှိစရာပါပဲ။

Ref – NicheGamer