Pocophone F1 ထွက်ခဲ့ပြီးနောက် သူ့ကိုဆက်ခံမယ့် နောက်ထပ်မျိုးဆက်သစ်ကို စောင့်ဆိုင်းရတဲ့အချိန်ဟာ အတော်လေး ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Pocophone F1 ကို ဆက်ခံမယ့် Poco F2 Pro ကို မေလ ၁၂ ရက်နေ့၊ စပိန်နိုင်ငံ မက်ဒရစ် မှာ တရားဝင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

တရားဝင်မိတ်ဆက်ဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ Ishan Agrawal အမည်နဲ့ Tipster က Poco F2 Pro ရဲ့ တရားဝင် Renders တွေကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါကြောင့် Poco F2 ရဲ့ မျက်နှာပြင်ပုံစံအမှန်နဲ့ အရောင်တွေ၊ သိုလှောင်မှုပမာဏတွေကို သိရှိကြရပြီ ဖြစ်ပါတယ်။

ပေါက်ကြားမှုအရ Poco F2 Pro ဟာ Black, Grey, Blue, Purple နဲ့ White ဆိုပြီး အရောင်ငါးမျိုးနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏတွေကတော့ 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးပဲ ရှိမယ်လို့ သိရပါတယ်။ နောက်ထပ် ပေါက်ကြားမှုအသစ်မှာလည်း Poco F2 Pro ဟာ Redmi K30 Pro လိုမျိုး Full-screen ဒီဇိုင်းဖြစ်မယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းကြောင့် Poco F2 Pro ဟာ Redmi K30 Pro ကို နာမည်ပြောင်းထားတယ်ဆိုတဲ့ စွပ်စွဲမှုတွေက ပိုပြီးအားကောင်းလာတယ်လို့ ဆိုရမှာပါ။ အခုထိတော့ Poco F2 Pro မှာ သုံးထားတဲ့ Chipset ကို မသိရှိရသေးပါဘူး။ Redmi K30 Pro ကို တကယ်သာနာမည်ပြောင်းထားတာဆိုရင်တော့ Snapdragon 865 chipset နဲ့ပဲ တွေ့မြင်ရဖွယ်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သိပ်မကြာခင်မှာပဲ တရားဝင်သိရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena