Xiaomi ဟာ အခုအချိန်မှာ Android 11 Update ကို စမတ်ဖုန်းတွေအများအပြားအတွက် ထုတ်ပေးနေတာ အချိန်အတော်ကြာသွားပြီဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Flagship ဖုန်းတွေအပြင် Redmi K30 Pro ၊ K30 5G နဲ့ နောက်ဆုံး Redmi K30 4G စမတ်ဖုန်းကိုတောင် Android 11 Stable Update ထုတ်ပေးပြီးပြီဖြစ်ပါတယ်။

Redmi K30 4G စမတ်ဖုန်းဟာ စျေးကွက်အတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့သလို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလထဲက Android 11 Weekly Beta Update တွေရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Stable Update ရရှိဖို့အတွက် အချိန် ၂ လဝန်းကျင်ကြာမြင့်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Stable Update ဟာ MIUI V12.1.3.0.RGHCNXM အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး December 2020 Security Patch လည်း ပါဝင်မယ်လို့ သိရပါတယ်။ လောလောဆယ်မှာ Stable Beta အဆင့်မှာပဲရှိနေသေးတဲ့အတွက် Redmi K30 4G အသုံးပြုနေတဲ့သူတွေအကုန်လုံးမှာတော့ ယခု Update ကို ရရှိဦးမှာ မဟုတ်သေးပါဘူး။

ဒီလိုမျိုး Redmi K30 4G ဖုန်းအတွက် Android 11 Stable Update ရရှိလာတဲ့အတွက် နာမည်ပြောင်းလဲပြီး India စျေးကွက်အတွက် ရည်ရွယ်မိတ်ဆက်ထားတဲ့ POCO X2 စမတ်ဖုန်းအနေနဲ့လည်း Android 11 Update ရရှိလာနိုင်ပါတယ်။ Xiaomi အနေနဲ့ကတော့ တရားဝင်ပြောကြားချက်မရှိသေးပေမယ့် ပုံမှန်ကတော့ China အတွက် Android Update ထွက်ရှိပြီး လပိုင်းအကြာမှာ Global Version Update ကို ထုတ်ပေးနေကျဖြစ်ပါတယ်။

Ref – Gizmo China