ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကျော် Pokémon Go ဖိုးဖိုးဟာ သူ့ရဲ့ ပိုကီမွန်ဖမ်းကိရိယာဖြစ်တဲ့ စက်ဘီးကို အဆင့်မြှင့်တင်လိုက်ပြီး တပြိုင်တည်း Pokémon Go ဖွင့်ထားတဲ့ စမတ်ဖုန်း ၆၄ လုံးနဲ့ မြို့အနှံ့မှာ Pokémon လိုက်ဖမ်းနေတာကို မြင်တွေ့ရပါတယ်။

၂၀၁၈ ခုနှစ်က Pokémon Go ဖိုးဖိုးကို လူတွေ စသတိထားမိခဲ့ကြပြီး စက်ဘီးပေါ်မှာ စမတ်ဖုန်းများစွာ ထည့်ကာ Pokémon ဖမ်းထွက်နေပုံက အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ ယခုအခါ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ထိုပုဂ္ဂိုလ်ကြီးဟာ စစချင်းမှာ ဖုန်းခြောက်လုံးကို စက်ဘီးပေါ်တင်ပြီး လျှောက်သွားနေခဲ့တာပါ။ သူ့အမည်က Chen San-Yuan ဖြစ်ကာ ဖုန်းရွှေ (Feng Shui) ပညာရှင်ဟောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

Chen ဟာ Pokémon Go ဂိမ်းကို သူ့မြေးလေးဆီကနေ သင်ယူခဲ့တာဖြစ်ပြီး အရမ်းစွဲလမ်းသွားခဲ့တဲ့နောက် တစ်နေ့ကို နာရီ ၂၀ နီးပါးနဲ့ တစ်ပတ်ကို ၅၊ ၆ ရက်ထိ ဇွဲကောင်းကောင်းနဲ့ ဆော့ကစားခဲ့တာပါ။ အစမှာ ဖုန်းအားကုန်တဲ့ ပြဿနာနဲ့ တိုးခဲ့တာကြောင့် စက်ဘီးပေါ်မှာ ဖုန်းတင်ဖို့ Stand နဲ့ ဘက္ထရီတို့ကို တပ်ဆင်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ တိုးချဲ့လာလိုက်တာ ၂ နှစ်ခန့် အကြာမှာတော့ သူ့စက်ဘီးပေါ်မှာ ဖုန်းဒါဇင်များစွာကို အခုလို သယ်ဆောင်လာနိုင်ပြီဖြစ်ပြီး အားသွင်းစနစ်ကိုလည်း ဖန်တီးခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ဖုန်းခြောက်လုံးနဲ့ စတင်ခဲ့တဲ့ Pokémon Go ဖိုးဖိုးဟာ အခုစက်ဘီးပေါ်မှာ ဖုန်း ၆၄ လုံးကို ဒေါင်းမြီးလို ပုံစံမျိုးနဲ့ စိတ်ဝင်စားစရာ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ ကိုယ်ပျော်ရွှင်ရာကို လုပ်ဆောင်ဖို့ အသက်အရွယ်ဟာ အတားအဆီးမဟုတ်ဘူးဆိုတာ Pokémon Go ဖိုးဖိုးက သက်သေပါပဲ။

Ref – GizmoChina