Telegram ဟာ အခုနောက်ပိုင်းမှာ Facebook Messenger နဲ့ Viber အစား လူသုံးများလာတဲ့ Messaging App တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် Group Chat ပိုင်းမှာ Function စုံလင်တဲ့အပြင် လုံခြုံရေးပိုင်းမှာလည်း တခြားသော Messaging App တွေထက် စိတ်ချရတဲ့အတွက် လူတိုင်းနီးပါးအသုံးပြုသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း Telegram ကို အသုံးပြုလိုက်ပြီဆိုတာနဲ့တင် ကိုယ့်ရဲ့ Privacy ပိုင်း လုံးဝလုံခြုံသွားတာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် Telegram ဟာ Default အနေနဲ့ ကိုယ့်ရဲ့ Location ၊ ဖုန်းနံပါတ်အပါအဝင် Conversation တွေကိုပါ ကြားဖြတ်သိရှိနိုင်နေတာကြောင့်ဖြစ်ပါတယ်။

အဲ့ဒီအတွက် အခု Article မှာတော့ Telegram ကို အသုံးပြုတဲ့သူတိုင်း ပြင်ဆင်ထားသင့်တဲ့ Privacy Setting တွေကို ဖော်ပြပေးသွားမှာပါ။

(1) ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ဖျောက်ထားခြင်း

Telegram ဟာ တခြားသော Viber လိုမျိုး Messaging App တွေကနေ ကွဲထွက်နေတဲ့အချက်ကတော့ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို တခြားသူတွေကို ပေးသိစရာမလိုအပ်ပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို တခြားသူတွေမမြင်နိုင်စေဖို့အတွက် Settings – Privacy and Security ကနေတစ်ဆင့် ဖုန်းနံပါတ်ကို “My Contacts” သို့မဟုတ် “Nobody” ဆိုပြီး ပြောင်းလဲထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

တစ်ခုသတိထားရမှာကတော့ ဒီလိုမျိုး ဖုန်းနံပါတ်ကို ဖျောက်ထားမယ်ဆိုရင် တခြားသူတွေက ဆက်သွယ်နိုင်ဖို့အတွက် Username သတ်မှတ်ထားဖို့ လိုအပ်မှာပါ။

(2) People Nearby Feature ကို ပိတ်ထားခြင်း

တကယ်လို့ သင်က Telegram ကို Profile Photo ထည့်သွင်းထားပြီး အသုံးပြုတယ်ဆိုရင် ကိုယ့်ရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ တခြားသော Telegram အသုံးပြုသူတွေနဲ့ ချိတ်ဆက်နိုင်တဲ့ People Nearby Feature ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး People Nearby Feature က တစ်ခါတရံ ကိုယ့်အနီးပတ်ဝန်းကျင်ကသူတွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုပေမယ့် ကိုယ့်ရဲ့ တည်နေရာကိုပါ ဖော်ပြပြီးသားဖြစ်သွားနိုင်ပါတယ်။

အဲ့ဒီအတွက် အကောင်းဆုံးကတော့ ကျိန်းသေလိုအပ်တဲ့အချိန်ကလွဲပြီး အဆိုပါ People Nearby Feature ကို Telegram Menu ထဲကနေ ပိတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းထွက်ရှိထားတဲ့ စမတ်ဖုန်းအများစုမှာ People Nearby Feature ကို အသုံးပြုနေပါက Notification Bar မှာ GPS ကို အသုံးပြုနေတဲ့ Icon ကို ဖော်ပြတတ်တဲ့အတွက် ကိုယ့်ရဲ့ Location ကို အသုံးပြုနေလားဆိုတာကို ကြည့်ရှုနိုင်မှာပါ။

(3) အရေးကြီးစကားပြောဆိုမှုတွေကို Secret Chat နဲ့ပဲ ပြောဆိုပါ

Telegram ဟာ End-to-End Encryption Service ကို Support ပြုလုပ်တယ်ဆိုပေမယ့် ပုံမှန်အတိုင်းပြောဆိုတဲ့ Group Chat တွေ၊ Conversation တွေကိုတော့ End-to-End Encrypt ပြုလုပ်ပေးမှာမဟုတ်ပါဘူး။ ဒါက တကယ်လို့ အရေးကြီးအချက်အလက်တွေကို ပြောဆိုတော့မယ်ဆိုရင် သတိထားစရာအချက်တစ်ခုဖြစ်လာပါတယ်။

အဲ့ဒီအတွက် အရေးကြီးစကားပြောဆိုမှုတွေကို ပြုလုပ်တော့မယ်ဆိုရင် ကိုယ်စကားပြောချင်တဲ့ Contact ရဲ့ Profile ကို နှိပ်ပြီး Menu ကနေတစ်ဆင့် “Start Secret Chat” ကို ရွေးချယ်ဖို့ အရင်လိုအပ်ပါတယ်။ ဒါမှ Conversation က End-to-End Encryption ပါဝင်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ Privacy ကိုလည်း လုံခြုံအောင် ပြုလုပ်ပြီးသားဖြစ်သွားမှာပါ။

အခုပြောသွားတဲ့အချက်တွေကတော့ အခုနောက်ပိုင်း အသုံးများလာတဲ့ Telegram ကို အသုံးပြုမယ်ဆိုရင် ကျိန်းသေပေါက် ပြင်ဆင်ထားသင့်တဲ့ Privacy Setting အချို့ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Telegram ဟာ တခြားသော Feature ပိုင်းတွေလည်း အများအပြားပါဝင်တဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံး Messaging App တစ်ခုလို့ပဲ ပြောရမှာပါ။

Ref – GadgetsNow