Xiaomi ဟာ ဒီနှစ် ဖေဖော်ဝါရီလမှာ Mi 10 နဲ့ Mi 10 Pro ကို တရုတ်မှာ ကြေညာခဲ့ပြီး Mi 11 Series ကိုတော့ ဒီထက်စောကာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်ကပဲ Qualcomm က Snapdragon 888 Chipset ကို ချပြခဲ့ပြီး သိပ်မကြာခင်မှာပဲ Mi 11 Series မှာ အဲဒီ Chipset သုံးထားမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Mi 11 Series တွေရဲ့ ဘက်ထရီ ပမာဏတွေကို 3C မှာ တွေ့လာရပါပြီ။

Digital Chat Station က မျှဝေလိုက်တဲ့ ဓါတ်ပုံမှာ Mi 11 မော်ဒယ် ၁ လုံးမှာ 2,845mAh နဲ့ နောက် ၁လုံးမှာ 2,390mAh ဘက်ထရီတွေ ပါလာမယ်လို့ ဖော်ပြထားပါတယ်။ Digital Chat Station က Mi 11 နဲ့ Mi 11 Pro မှာ အားသွင်းနှုန်းပိုမြန်စေဖို့ ဘက်ထရီ ၂ ခုပူးတွဲသုံးထားမယ်လို့ သတင်းပေးထားပါတယ်။ အဲဒီအတွက် Mi 11 မှာ 4,780mAh ပါလာနိုင်ပြီး တကယ်တော့ အဲဒီ ဖုန်း ၂ လုံးစလုံးရဲ့ ဘက်ထရီ ပမာဏဟာ 5,000mAh လောက် ဖြစ်သွားမှာပါ။

Xiaomi Mi 11 render by Benjamin Geskin

Mi 11 နဲ့ Mi 11 Pro မှာ 55W Fast Charging ပါလာမယ်လို့ Digital Chat Station က ခန့်မှန်းထားတဲ့အတွက် အဲဒီဖုန်း ၂ လုံးကို ၃၅ မိနစ်လောက်နဲ့ အားအပြည့်သွင်းနိုင်မှာပါ။

Xiaomi Mi 11 နဲ့ Mi 11 Pro ဟာ Snapdragon 888  ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းတွေ အဖြစ် မှတ်တမ်းဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် Quad HD+ Resolution နဲ့ 120Hz Refresh Rate ပါတဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာနိုင်ပါတယ်။ မကြာသေးခင်ကပဲ အဲဒီဖုန်း ၂ လုံးမှာ အလျားလိုက် ကင်မရာ ပါမယ်လို့ သတင်းပေါက်ကြားလာပါတယ်။

Ref ; gizmochina