Qualcomm ကတော့ Fast Charging ပိုင်းမှာ ဘုရင် ဆိုတဲ့ တချိန်က ဂုဏ်ပုဒ်ကို Quick Charge 5 နဲ့ ပြန်လည် ရယူဖို့ ကြိုးစားလာခဲ့ပါပြီ။ ယခင် QC4 စနစ်ထက် သိသာတဲ့ ခုန်တက်မှုဖြစ်ပြီး 100W နဲ့အထက်ထိ ထောက်ပံ့ပေးနိုင်ကာ ဘက္ထရီကို 10°C ပိုအေးစေသလို Boot Time ကိုလည်း 70% ပိုထိရောက်စေမှာ ဖြစ်ပါတယ်။

Qualcomm ရဲ့စမ်းသပ်မှုမှာတော့ 4,500 mAh ဘက္ထရီတစ်လုံးကို ငါးမိနစ်အတွင်း 0% ကနေ 50% ထိ အားသွင်းပြနိုင်ခဲ့ပါတယ်။ 100% ထိ ဆိုရင်တော့ ၁၅ မိနစ်ထိ ကြာမှာပါ။ ဒီစမ်းသပ်မှုမှာ 2,250 mAh ပါတဲ့ ဘက္ထရီဆဲလ်နှစ်ခုနဲ့ Dual Charging အဖြစ် စမ်းသပ်ခဲ့တာဖြစ်ပြီး Triple-Charging အထိ ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။

Qualcomm ကတော့ ဒီစနစ်ဟာ Power Delivery ပုံစံဟောင်းထက် ပိုဘေးကင်းစိတ်ချရတယ်လို့ ဆိုပါတယ်။ သူ့မှာ လျှပ်စစ်အား ကာကွယ်မှု level ၈ ဆင့်၊ လျှပ်စစ်စီးဆင်းမှု ကာကွယ်ခြင်း ၃ ဆင့်၊ အပူချိန်ကာကွယ်မှု ၃ ဆင့်နဲ့ Timer ကာကွယ်မှု ၃ ဆင့်တို့အပြင် 25V မှာ Overvoltage Protection ပြုလုပ်ပေးမှုတို့ ပါဝင်ပါတယ်။

Qualcom ကုမ္ပဏီဟာ Quick Charge 5 အသုံးပြုထားမယ့် စမတ်ဖုန်းတွေကို အခုနှစ် တတိယသုံးလပတ်မှာတင် မြင်တွေ့ရဖို့ မျှော်လင့်ထားပါတယ်။ သူတို့က စမတ်ဖုန်းထုတ်လုပ်သူတွေအတွက် SMB1396 နဲ့ MSB1398 အမည်ရ Charge Controller Chip နှစ်ခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီချစ်ပ်ဆက်တွေဟာ ရိုးရိုးနဲ့ ကြိုးမဲ့ နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သလို Cell တစ်ခုတည်း သို့မဟုတ် နှစ်ခုတွဲ ဘက္ထရီတွေနဲ့လည်း အသုံးပြုနိုင်မှာပါ။

Ref – GSMArena