လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအတော်များများဟာ Under-display Fingerprint Sensor တွေကို အသုံးပြုနေပြီဆိုပေမယ့် Qualcomm ကနေ ထုတ်လုပ်ထားတဲ့ Ultrasonic Fingerprint Sensor နည်းပညာကိုတော့ Samsung Flagship ဖုန်းတွေမှာ အသုံးပြုနေသေးတာဖြစ်ပါတယ်။ ကျန်တဲ့စမတ်ဖုန်းတွေအနေနဲ့ကတော့ 3D Optical Fingerprint Sensor နည်းပညာကို အသုံးပြုနေတာဖြစ်ပါတယ်။

အခုလည်း Qualcomm ကနေ Ultrasonic Under-display Fingerprint Sensor နည်းပညာအသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ နည်းပညာကိုတော့ 3D Sonic Sensor Gen 2 လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

3D Sonic Sensor Gen 2 ဟာ ယခင် Ultrasonic Fingerprint Sensor နည်းပညာထက် နေရာတိုင်းမှာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ Fingerprint Reader Area ကိုလည်း ၇၇ ရာခိုင်နှုန်းတိုးမြှင့်ထားသလို Data ရယူနိုင်မှုမှာလည်း ယခင်ထက် ၁.၇ဆ အထိ ပိုပြီးရယူနိုင်မယ်လို့ သိရပါတယ်။ Overall Fingerprint Speed မှာလည်း ယခင်ထက် ၅၀ ရာခိုင်နှုန်းပိုပြီး မြန်ဆန်လာမှာဖြစ်ပါတယ်။

Samsung Galaxy S10 Series ဟာ ပထမဆုံးအနေနဲ့ Qualcomm ရဲ့ Ultrasonic Fingerprint Sensor ကို အသုံးပြုခဲ့တာဖြစ်သလို လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ မိတ်ဆက်လာမယ့် Galaxy S21 Series ဖုန်းတွေကလည်း အခု 3D Sonic Sensor Gen 2 ကို ပထမဆုံးအနေနဲ့ အသုံးပြုလာနိုင်ပါတယ်။ ဒါပေမယ့် Qualcomm ကတော့ ဘယ်ဖုန်းတွေမှာ ပထမဆုံး အသုံးပြုလာမယ်ဆိုတာကို ပြောကြားခဲ့ခြင်းမရှိဘဲ ၂၀၂၁ အစောပိုင်းဖုန်းတွေမှာ ပါဝင်မယ်လို့ပဲ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Ref – Gizmo China