Qualcomm ရဲ့ လာမယ့် မျိုးဆက်သစ် Flagship chip ဟာ Snapdragon 888 လို့ ခေါ်တွင်မှာဖြစ်ကြောင်း သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီ Chip ဟာ Snapdragon 865 SoC ရဲ့ ဆက်ခံသူဖြစ်နိုင်ပါတယ်။ ဒါကြောင့် Snapdragon 875 SoC ဆိုတဲ့နာမည်ကို မရွေးချယ်တော့ဘူးလို့ ယူဆရပါတယ်။

ဒီသတင်းကို လူသိများတဲ့ Leakster Ishan Agarwal (@ishanagarwal24) က တွစ်တာမှာ မျှဝေပေးသွားတာပါ။ အကယ်၍သာ ဒီသတင်းမှန်ခဲ့မယ်ဆိုရင် Snapdragon 888 ဟာ လာမယ့် ၂၀၂၁ ခုနှစ်ရဲ့ ပရီမီယံအဆင့် Android ဟန်းဆက်အများစုမှာ တွေ့မြင်လာရနိုင်ပါတယ်။

Ishan Agarwal ကတော့ ဒီအကြောင်းကို GSM Arena က Comment ပေးတဲ့သူက အားလုံးထက်စောပြီး သိနေနှင့်တယ်လို့တောင် အရွှန်းဖောက်လိုက်ပါသေးတယ်။ ဒါကြောင့် ဒီဇင်ဘာမှာတရားဝင်မိတ်ဆက်မယ့် Qualcomm ရဲ့ Flagship နာမည်ဟာ 875 ထက် 888 ဖြစ်နိုင်ခြေပိုပြီးများတယ်လို့ ယုံကြည်ရပါတယ်။

အခုအချိန်ထိ ထွက်ခဲ့သမျှ Teaser နဲ့ ယိုစိမ့်သတင်းတွေအားလုံးက Chip အသစ်ရဲ့နာမည်ကို Snapdragon 875 အနေနဲ့ပဲ ညွှန်းဆိုဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် Realme CEO Madhav Sheth ရဲ့တွစ်တာပို့စ်မှာ Qualcomm ရဲ့ ထွက်ရှိလာမယ့် Chipset သစ်ကို Tease လုပ်ရာမှာ “Qualcomm 8_ _“ လို့ ဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ SD875 ကနေ SD888 ကို ဘယ်လိုအကြောင်းနဲ့ကျော်ထွက်လိုက်သလဲဆိုတာတော့ မသိရသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်ထိတော့ Snapdragon 875 ဆိုတဲ့နာမည်ကိုပဲ အဓိကထားသုံးစွဲနေကြတာကြောင့် ပိုပြီးစိတ်ချရတဲ့အထောက်အထား၊ အချက်အလက်တွေ ထွက်ပေါ်လာချိန်ကိုပဲ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Ref: Gizmochina