Qualcomm ကနေ မိတ်ဆက်ထားတဲ့ Snapdragon 8 Gen1 Chipset ဟာ လက်ရှိအချိန်မှာ Android ဖုန်းတွေအတွက် အကောင်းဆုံး Flagship Chipset လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် လာမယ့်လပိုင်းအတွင်းမှာ Qualcomm ကနေ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 8 Gen1+ Chipset ကို မိတ်ဆက်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး Snapdragon 8 Gen1+ Chipset အပြင် Qualcomm ကနေ နောက်ထပ် Chipset တစ်မျိုးကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါကိုတော့ Weibo စာမျက်နှာကနေတစ်ဆင့် Chinese Blogger တစ်ဦးကနေ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိ Snapdragon 8 Gen1 Chipset ကိုမှ 4G Version အနေနဲ့ သီးသန့် မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Qualcomm Snapdragon 8 Gen1 4G Chipset ဟာ လက်ရှိထွက်ရှိပြီးဖြစ်တဲ့ Snapdragon 8 Gen1 နဲ့ အကုန်လုံးတူညီမှာဖြစ်ပြီး 5G Modem ပဲ မပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ယခင် Snapdragon 888 Chipset ထက် Performance ပိုင်းမှာ ၂၀ ရာခိုင်နှုန်းပိုကောင်းလာနိုင်ပြီး ပါဝါစားသုံးမှုပိုင်းမှာ ၃၀ ရာခိုင်နှုန်းအထိ ပိုသက်သာစေမှာဖြစ်ပါတယ်။ GPU ပိုင်းမှာတော့ ယခင် Snapdragon 888 ထက် ၃၀ ရာခိုင်နှုန်း ပိုစွမ်းဆောင်နိုင်မှာပါ။

ဖြစ်နိုင်ခြေများနေတာကတော့ အခုလိုမျိုး Snapdragon 8 Gen1 4G Version Chipset ဟာ Huawei ရဲ့ Flagship ဖုန်းတွေမှာ အသုံးပြုလာဖွယ်ရှိနေပါတယ်။ Huawei ဟာ US အစိုးရရဲ့ 5G နည်းပညာအသုံးပြုမှုအပေါ် ပိတ်ဆို့မှုကို ခံနေရတာကြောင့် လက်ရှိအချိန်မှာ အမြင့်ဆုံး Chipset အနေနဲ့ Snapdragon 888 4G Version ကိုပဲ အသုံးပြုနေရတာပါ။

Ref – Gizmo China