Qualcomm Snapdragon 8 Gen 1+ chipset အသုံးပြုထားတဲ့ ပထမဦးဆုံးစမတ်ဖုန်းကို လာမဲ့ ဇူလိုင်လအစောပိုင်းကာလမှာ စတင်တွေ့မြင်ရမယ်လို့ ကောလာဟလထွက်နေပြန်ပါတယ်။ ကနဦးခန့်မှန်းချက်က မေလဖြစ်ပြီး၊ ဒုတိယအကြိမ်ခန့်မှန်းချက်က ဇွန်လဖြစ်ပါတယ်။ အခုတော့ နောက်ထပ်တစ်လကို ရွှေ့သွားပြီး ဇူလိုင်လဆန်းလို့ ခန့်မှန်းပြောဆိုနေကြတာပါ။

စိတ်ဝင်စားဖို့ကောင်းတဲ့နောက်တစ်ချက်က Snapdragon 8 Gen 1+ ကို သုံးထားတာ ဘယ်အမှတ်တံဆိပ် စမတ်ဖုန်းဖြစ်မလဲဆိုတာပါပဲ။ Twitter အသုံးပြုသူ Yogesh Brar ကို ကိုးကားထားတဲ့ Phone Arena ရဲ့ ရေးသားဖော်ပြချက်မှာတော့ OnePlus Ultra, Moto Frontier, Galaxy Fold 4 နဲ့ Galaxy Flip 4 စတဲ့ စမတ်ဖုန်းတွေအဖြစ် တွေ့မြင်ရပါတယ်။ (OnePlus 10 Ultra အပြင် Xiaomi 12 Ultra ကလည်း နာမည်ကြီးနေပါတယ်)

ကိုးကားဖော်ပြစရာနောက်တစ်ချက်က Qualcomm ဟာ မေလမှာ ကနဦးမျှော်လင့်ထားတဲ့ Snapdragon SoC အသစ် ထုတ်ဝေမှုကို နောက်ဆုတ်ခဲ့ပါတယ်။ (COVID-19 ဆိုင်ရာပြဿနာတွေကြောင့် ဖြစ်နိုင်ခြေရှိပါတယ်) Snapdragon 8 Gen 1+ နဲ့ပတ်သက်တဲ့အချက်အလက်တွေကို Qualcomm က တရားဝင် မထုတ်ပြန်သေးသလို လက်တလောအခြေအနေမှာလည်း စံနှုန်းတိုင်းတာမှုတွေ မပြသနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Qualcomm Snapdragon 8 Gen 1+ ဟာ 8 Gen 1 ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဗားရှင်းဖြစ်လာမှာအသေအချာပဲဖြစ်သလို ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်မှပဲ ပွဲထွက်လာမှာလည်း သေချာနေပါတယ်။ အထူးသဖြင့် 8 Gen 1 မှာ ကြုံတွေ့ကြရတဲ့ အပူချိန်မြင့်မားမှုပြဿနာဟာ ပြေလည်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Phone Arena