Qualcomm ရဲ့ Chipset တွေဟာ ကမ္ဘာတစ်ဝန်းက Android စမတ်ဖုန်းတွေနဲ့ Wear OS စမတ်နာရီအတော်များများမှာ အသုံးပြုထားပါတယ်။ ဒါပေမဲ့လည်း ကုမ္ပဏီက Wearable တွေအတွက် နောက်ဆုံးထုတ်လုပ်ထားတဲ့ Hardware က Snapdragon 4100 နဲ့ 4100+ chipset တွေဖြစ်ပြီး၊ ဒါတွေကလည်း ၂၀၂၀ ကတည်းက ထုတ်ထားတာ ဖြစ်ပါတယ်။

Qualcomm အနေနဲ့ သူ့ရဲ့ Wearable chipset တွေကို ပြန်လည်ဆန်းသစ်ဖို့ အမှန်တကယ်လိုအပ်နေတာဖြစ်တဲ့အလျောက် နောက်ဆုံးမှာတော့ Update လုပ်ထားတဲ့ Chip တွေ ထွက်ပေါ်လာပြီလို့ ယူဆရပါတယ်။ WinFuture ကထွက်ပေါ်လာတဲ့ သတင်းအသစ်တွေအရ Qualcomm ဟာ မျိုးဆက်သစ် Snapdragon Wear 5100 နဲ့ 5100+ SoCs တွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Qualcomm ရဲ့ Chipset သစ်တွေအကြောင်း သတင်းထွက်ပေါ်တယ်ဆိုတာ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ မျိုးဆက်သစ် Snapdragon Wear chip တွေရဲ့ အချက်အလက်တွေက ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတာပါ။ 5100 နဲ့ 5100+ chipset တွေဟာ Samsung ရဲ့ 4nm လုပ်ငန်းစဉ်နဲ့ တည်ဆောက်ထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Samsung Galaxy Watch 4 ရဲ့ Exynos W920 ဟာ 5nm process နဲ့ ဖြစ်ပြီး Wear OS ကို အသုံးပြုဖို့အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတာပါ။ အခုတော့ Snapdragon 5100 နဲ့ 5100+ တွေက Samsung ရဲ့ 4nm process ပေါ်မှာ တည်ဆောက်ထားတာဖြစ်သလို ပိုပြီးတော့လည်း စွမ်းရည်မြင့်နိုင်တယ်လို့ ယူဆရပါတယ်။ Qualcomm အနေနဲ့ Wear 4100 နဲ့ 4100+ တွေမှာ အသုံးပြုထားတဲ့ 1.7GHz ARM Cortex-A53 cores တွေကိုပဲ ဆက်ပြီးကိုင်ဆွဲထားပုံပေါ်တယ်လို့ သိရပါတယ်။

အကယ်၍ ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် Qualcomm ရဲ့ မျိုးဆက်သစ် Chipset တွေမှာ CPU စွမ်းဆောင်ရည်ဟာ ကြီးကြီးမားမားခုန်တက်သွားမှာကို မြင်ရဖွယ်မရှိပါဘူး။ GPU ကတော့ Exynos 920 နဲ့ ဆင်တူတဲ့ စွမ်းဆောင်ရည် သိသိသာသာတိုးတက်လာတာကိုတော့ မြင်တွေ့ရဖွယ်ရှိပါတယ်။ Snapdragon Wear 5100 chipset မှာ 700MHz Adreno 702 GPU နဲ့သွားဖွယ်ရှိပြီး ဒါဟာ 4100 series မှာအသုံးပြုခဲ့တဲ့ 320MHz Adreno 504 ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။

SW5100 နဲ့ SW5100+ ကြားက ခြားနားချက်ဟာ Packaging ပိုင်း ပြောင်းလဲသွားတာပဲ ရှိပါတယ်။ Plus ဗားရှင်းကတော့ ပိုပြီးတော့ ကျစ်လျစ်တဲ့ ထုတ်ပိုးမှုဖြစ်ပြီး QCC5100 coprocessor ကြောင့် Battery efficient ပိုပြီးတော့ ဖြစ်ပါလိမ့်မယ်။ Snapdragon Wear 5100 နဲ့ 5100+ chipset တွေကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မလဲဆိုတာကို မသိရသေးသလို ဒီ Chipset တွေဟာ Samsung ရဲ့ Exynos W920 ကို ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်မလဲဆိုတာကိုလည်း မသိရသေးပါဘူး။

Ref: sammobile