လပေါင်းများစွာ သတင်းတွေ ထွက်လာပြီးနောက် ဂိမ်မာတွေရဲ့ အိပ်မက် ပြည့်ဝသွားပါပြီ။ Razer က AMD ရဲ့ စွမ်းရည်မြင့် Ryzen 9 5900HX Processor မောင်းနှင်ထားတဲ့ Razer Blade 14 ကို ကြေညာလိုက်ပါတယ်။ AMD Processor ပါတဲ့ ပထမဆုံး Razer Blade လက်ပ်တော့ အဖြစ် မှတ်တမ်းဝင်သွားပြီး Razer ဝက်ဘ်ဆိုက်မှာ ၁,၇၉၉.၉၉ ဒေါ်လာနဲ့ ရောင်းချပေးလိုက်ပါပြီ။ မြန်မာငွေနဲ့တွက်ရင် ၂၉ သိန်းကျော်ရှိတဲ့အတွက် ဈေးအရမ်းမြောက်ပါတယ်။

၁၄ လက်မ QHD 165Hz  မျက်နှာပြင်နဲ့ FHD 144Hz မျက်နှာပြင် ၂ မျိုး ရွေးချယ်နိုင်ပြီး Nvidia GeForce RTX 3080 GPU တပ်ဆင်ထားပါတယ်။ Razer က ဈေးကွက်ထဲက ၁၄ လက်မ Gaming လက်ပ်တော့တွေထဲမှာ အသေးငယ်ဆုံးလို့ပြောပြီး အရွယ်အစား အပြည့်အစုံက 12.59 x 8.66 x 0.66 inches ဖြစ်ပါတယ်။ 720p Webcam တပ်ဆင်ထားတာက ဒီနေ့ခေတ် Gaming လက်ပ်တော့တွေထဲမှာ ခပ်ရှားရှားပါ။

ဒီဇိုင်းက တခြား Razer Blade Series တွေနဲ့ တူညီပြီး RGB Keyboard နဲ့ ခေါင်းသုံးလုံးပါ မြွေ Logo ပါလာပါတယ်။ AMD ရဲ့ Client Business Unit က GM နဲ့ SVP ဖြစ်သူ Saeid Moshkelani က “ Gamer တွေဟာ ပေါ့ပါးပြီး စွမ်းရည်မြင့်တဲ့ လက်ပ်တော့တွေကို လိုချင်ကြပါတယ်။ ကျွန်တော်တို့ Razer နဲ့ ပထမဆုံး အကြိမ် အလုပ်လုပ်ရတာ စိတ်လှုပ်ရှားစရာကောင်းပြီး Razer Blade 14 မှာ အကောင်းဆုံး မိုဘိုင်း Processor ထည့်သွင်းပေးထားပါတယ်။ “ လို့ ပြောပါတယ်။

Razer ဟာ Gaming လက်ပ်တော့ နယ်ပယ်မှာ ဆရာ တစ်ဆူ ဖြစ်ပြီး ကုမ္ပဏီရဲ့ လက်ပ်တော့တွေဟာ စွမ်းရည် မြင့်မားသလို ဈေးကလည်း မြောက်ပါတယ်။ Razer Blade 14 ကို Gamer တွေ ဘယ်လို ဝေဖန်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : theverge