Huawei ဟာ မကြာသေးခင်က Nova 7i ဟန်းဆက်ကို မလေးရှားဈေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။ ဒီဖုန်းကို ပထမဆုံး Nova 7 ဖုန်းလို့ ခေါ်နိုင်ပေမယ့် တကယ်တမ်းမှာတော့ Nova 6 SE ကို အမည်ပြောင်းလာခဲ့တာပါ။

ဒါပေမယ့် ယမန်နေ့ကတော့ တကယ့် Nova 7 စီးရီးအစစ်ကို ဧပြီလမှာ မြင်ရမယ်လို့ သတင်းထွက်လာခဲ့ပြီး Huawei P40 စီးရီးမိတ်ဆက်ပွဲအပြီး သိပ်မကြာခင်မှာ ထပ်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ ယနေ့မှာတော့ Nova 7 မိသားစုဝင် ဖုန်းအသစ်သုံးလုံးရဲ့ အမည်တွေပါ ထပ်မံပေါ်ထွက်လာခဲ့ပြီး အားလုံးမှာ 5G ချိတ်ဆက်နိုင်စွမ်းပါတဲ့ပုံပါပဲ။

တရုတ်ဆိုရှယ်နက်ဝပ် Weibo ပေါ်မှာ စတင်ထွက်ပေါ်လာတဲ့ သတင်းထဲမှာ Nova 7 စီးရီးအဖွဲ့ဝင် ဖုန်းသုံးလုံးရဲ့ အမည်တွေကို ဖော်ပြလာခဲ့ပြီး Nova 7 5G, Nova 7 SE 5G နဲ့ Nova 7 Pro 5G တို့ဖြစ်ပါတယ်။ ဒီသတင်းထဲမှာပဲ Kirin 990 5G ပရိုဆက်ဆာနဲ့ In-display Fingerprint ပါဝင်တဲ့ OLED Display တို့ကို ထပ်မံဖော်ပြထားပေမယ့် ဖုန်းသုံးလုံးစလုံးမှာ ပါတာတော့ ဟုတ်ချင်မှဟုတ်မှာပါ။ Nova 7 နဲ့ Nova 7 Pro 5G တို့မှာတော့ Kirin 990 5G ချစ်ပ်ဆက် ပါလာမှာ သေချာသလောက်ရှိပါတယ်။

Nova 6 SE တုန်းက Kirin 810 ချစ်ပ်ဆက်နဲ့ Mid-range တန်းဝင် 4G ဟန်းဆက်တစ်လုံးဖြစ်သော်လည်း သူ့ရဲ့ ဆက်ခံသူကတော့ 5G ပါမယ်လို့ ဆိုထားပါတယ်။ Huawei ဟာ အခုချိန်ထိ Mid-range 5G ဟန်းဆက်တစ်လုံးမှ မိတ်မဆက်ရသေးတာကြောင့် စိတ်ဝင်စားစရာကောင်းလှပါတယ်။

ဧပြီလမှာ မိတ်ဆက်မယ်လို့ ဆိုထားတဲ့အတွက် ဒါကိုအဖြေရှာဖို့တော့ အချိန်တစ်လလုံးကျန်ပါသေးတယ်။ Nova 7 စီးရီးကို မြင်တွေ့ရမှာ မလွယ်တာကြောင့် လာမယ့်အချိန်အတွင်း သတင်းတွေကို နားစွင့်ထားရဦးမှာပါ။

Ref – Gizmo China