realme က တန်ဖိုးနည်း 5G ဖုန်း ၃ လုံးကို ကြေညာလိုက်ပါတယ်။ Q2 , Q2 Pro နဲ့ Q2i တို့ ဖြစ်ပြီး အဲဒီထဲမှာ ဈေးအချိုဆုံးက Q2i ဖြစ်ပါတယ်။ ၉၉၈ ယွမ်ပဲ ရှိတဲ့အတွက် မြန်မာငွေနဲ့တွက်ရင် ၁ သိန်း ၉ သောင်းပဲ ရှိပါတယ်။ လက်ရှိမှာ ၂ သိန်းအောက် 5G ဖုန်းဆိုတာ ရှားရှားပါးပါးပါပဲ။ Q2i မှာ Dimensity 720 Chipset မောင်းနှင်ထားပြီး 4GB RAM , 128GB Storage ပါပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ၁ လုံးကို လေးထောင့် အကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ ကင်မရာတွေက 13MP , 2MP နဲ့ 2MP တွေ ဖြစ်ပြီး Macro နဲ့ Portrait Shot တွေ မရိုက်ကူးနိုင်ပါဘူး။ အရှေ့ဘက်မှာ 8MP ကင်မရာကို အရွယ်သေး Notch မှာ တပ်ဆင်ထားပါတယ်။

Q2i မှာ ၆.၅၂ လက်မ LCD HD မျက်နှာပြင် ထည့်သွင်းထားပြီး ညာဘက်မှာ ခလုတ်တွေ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပြီး 18W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပါတယ်။

realme Q2i ရဲ့ ပထမ အသုတ်ကို ဒီလ ၂၁ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး အပြာနဲ့ ငွေရောင် ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်က တြိဂံပုံ Pattern တွေက အမြင်ဆန်းသစ် လှပပါတယ်။

Ref : gsmarena