အခုနောက်ပိုင်းမှာ 3.5mm Earphone တွေထက် True Wireless (TWS) Earbuds တွေဟာ စျေးလည်း ပိုသက်သာလာသလို အသုံးပြုသူတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင် စမတ်ဖုန်းကုမ္ပဏီတွေအကုန်လုံးနီးပါးက ကိုယ်ပိုင် TWS Earbuds တွေကို ထုတ်လုပ်နေပြီလို့တောင် ပြောနိုင်ပါတယ်။

အဲ့ဒီထဲကမှာ realme ကလည်း အခုအချိန်မှာ realme Buds Air နာမည်နဲ့ TWS Earbuds တစ်ခုကို ထုတ်လုပ်ထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ နောက်ထပ် စျေးပိုသက်သာတဲ့ TWS Earbuds တစ်ခုဖြစ်တဲ့ realme Buds Air Neo ကိုလည်း မိတ်ဆက်လာတော့မှာဖြစ်ပြီး မကြာသေးခင်တုန်းက ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါတယ်။

အခုလည်း realme ရဲ့ နောက်ထပ် TWS Earbuds တစ်ခုလို့ ပြောနိုင်တဲ့ realme Buds Q နာမည်နဲ့ မိတ်ဆက်လာဖို့များနေပါတယ်။ ဘာကြောင့်လဲဆိုရင် Indonesian Telecom Authority ရဲ့ Certification Page မှာ Model Number RMA215 နဲ့ realme Buds Q လို့နာမည်ပေးထားတဲ့ TWS Earbuds အသစ်ကို တွေ့ရှိခဲ့ရတာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ realme Buds Q နဲ့ပတ်သက်တဲ့သတင်းတွေကိုတော့ မသိရှိရသေးဘဲ ဖြစ်နိုင်တာကတော့ လာမယ့် မေလ ၂၅ ရက်နေ့မှာ realme ကနေ Smart TV နဲ့ Smartwatch တွေအပါအဝင် တခြားသော Product တွေကိုလည်း မိတ်ဆက်ဖို့ရှိနေတဲ့အတွက် အဲ့ဒီအချိန်မှာ မိတ်ဆက်လာနိုင်တယ်လို့ ယူဆရပါတယ်။

Ref – Gizmo China